Eleven Media Group

၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာအပါအဝင် အသင်း (၈) သင်းဖြင့် လာမည့်ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်

Photo: MFF

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအပါအဝင် အသင်း (၈) သင်းဖြင့် လာမည့်ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အင်ဒိုနီးရှား၊ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲ ချန်ပီယံ ဖိလစ်ပိုင်၊ ၂၀၂၂ ပြိုင်ပွဲ ဒုတိယရ ထိုင်း၊ ၂၀၂၂ ပြိုင်ပွဲ တတိယရ မြန်မာ၊ ၂၀၂၂ ပြိုင်ပွဲ စတုတ္ထရ ဗီယက်နမ်၊ ခြေစစ်ပွဲအောင် ကမ္ဘောဒီးယား။ စင်ကာပူ၊ ဖိတ်ကြားအသင်းအဖြစ် သြစတြေးလျအသင်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည် ဖြစ်ကြောင်းကိုသာ သတင်းထုတ်ပြန်ထားသေးပြီး ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှု၊ ပွဲစဉ်ရေးဆွဲမှု အစရှိသည့် အချက်အလက်များကို သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် သြစတြေးလျအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း စီနီယာလက်ရွေးစင်အသင်းကြီး (သို့မဟုတ်) လူငယ်အမျိုးသမီးအသင်းဖြစ်ကြောင်း တိကျစွာ သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။
သြစတြေးလျအမျိုးသမီးအသင်းများသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် ခြောက်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး စီနီယာလက်ရွေးစင်အသင်းကြီးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည်မှာ တစ်ကြိမ်သာရှိခဲ့ပြီး ကျန် ငါးကြိမ်မှာ လူငယ်အမျိုးသမီးအသင်းများကိုသာ စေလွှတ်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကျင်းပခဲ့သည်။
ခြေစစ်ပွဲကို ၂၀၂၄ အာဆီယံအမျိုးသမီးဖလားပြိုင်ပွဲဟု အမည်ပေးခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ခြေစစ်ပွဲကို အရှေ့တောင်အာရှဒေသတွင်း အမျိုးသမီးဘောလုံးအဆင့်သတ်မှတ်ချက် အနိမ့်ဆုံး အသင်းခြောက်သင်းဖြစ်သည့် ကမ္ဘောဒီးယာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ တီမောအသင်းတို့ဖြင့် ကျင်းပခဲ့သည်။
ယင်းအသင်း ခြောက်သင်းကို သုံးသင်း နှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားစေပြီး ပထမ၊ ဒုတိယ၊ တတိယရ အသင်းသုံးသင်းကို ခြေစစ်ပွဲအောင်မြင်စေခြင်းဖြစ်ကြောင်း သိရသည်။
ခြေစစ်ပွဲ တတိယနေရာလုပွဲတွင် စင်ကာပူအသင်းက တီမောအသင်းကို(၁-၀) ဂိုး၊ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို(၃-၁) ဂိုးတို့ဖြင့် အနိုင်ရပြီး အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် စင်ကာပူအသင်းသုံးသင်းမှာ ခြေစစ်ပွဲအောင်မြင်လာခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group