
ရီးယဲလ်မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်သည် လက်ရှိအသင်း၏ ဥက္ကဋ္ဌအဖြစ် ၂၀၂၉ ခုနှစ်အထိ ထပ်မံတာဝန်ယူခွင့် ရရှိခဲ့ကြောင်း သိရသည်။
ပီရက်ဇ်သည် ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူ မရှိသည့်အတွက် နောက်ထပ်(၄)နှစ်သက်တမ်းကို ထပ်မံဆောင်ရွက်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ဖလော်ရင်တီနိုပီရက်ဇ် (၇၇ နှစ်)သည် ၂၀၀၀ ခုနှစ်တွင် ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌအဖြစ် စတင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ကြယ်စင်စုအသင်းကို စတင်ပုံဖော်ခဲ့ခြင်းကြောင့် ပရိသတ်များ၏ အားပေးထောက်ခံမှုများစွာကို ရယူနိုင်ခဲ့သူ ဖြစ်သည်။
၎င်းသည် ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌအဖြစ် ပထမအကြိမ်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှ လက်ရှိအချိန်အထိ ဒုတိယအကြိမ် ဆောင်ရွက်နေခြင်းဖြစ်သည်။
၎င်းသည် ရီးယဲလ်ဘောလုံးအသင်းကိုသာမက ဘတ်စကက်ဘောအသင်းကိုပါ ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့သောကြောင့် အအောင်မြင်ဆုံး ရီးယဲလ်ဥက္ကဋ္ဌအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။
ဖလော်ရင်တီနိုပီရက်ဇ်သည် လက်ရှိအချိန်တွင် ရီးယဲလ်အသင်းကို ကွင်းတွင်းကွင်းပြင် အောင်မြင်မှုများရရှိအောင် ဦးဆောင်ပေးထားသည့်အတွက် ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ၎င်းအား ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူ မရှိခြင်းဖြစ်ကြောင်း သိရသည်။
ထို့ ကြောင့် ပီရက်ဇ်သည် ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌအဖြစ် ၂၀၂၉ ခုနှစ်အထိ ဆက်ရှိသွားမည်ဖြစ်သည်။