
စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို တနင်္လာနေ့က ပြုလုပ်ခဲ့ရာ လာလီဂါထိပ်သီးနှစ်သင်းဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်တို့သည် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်သို့ လာလီဂါကလပ်(၈)သင်း တက်ရောက်ခဲ့ပြီး ဗလင်စီယာနှင့် ဘာစီလိုနာ၊ လီဟာနက်စ်နှင့် ရီးယဲလ်၊ အက်သလက်တီကိုနှင့် ဂီတာဖေး၊ ဆိုစီဒက်နှင့် အိုဆာဆူနာတို့ ဆုံတွေ့ခဲ့သည်။
အဆိုပါပွဲစဉ်များကို ဖေဖော်ဝါရီ (၄)ရက်မှ (၆)ရက်အတွင်း ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။
စပိန်ဘုရင့်ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဘီလ်ဘာအိုအသင်းဖြစ်သော်လည်း (၁၆)သင်းအဆင့်တွင် အိုဆာဆူနာအသင်းကို အိမ်ကွင်း၌ (၂-၃)ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။
ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့မှာ (၁၆)သင်းအဆင့်တွင် တိုက်စစ်ခြေစွမ်းပြကာ ဂိုးပြတ်နိုင်ပွဲများ ရယူနိုင်ခဲ့သော်လည်း ရီးယဲလ်အသင်းမှာမူ ဆယ်လ်တာဗီဂိုအသင်းကို အချိန်ပိုရောက်မှ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုပြုလုပ်ပြီးနောက် ချန်ပီယံဆုရရှိရန် ရီးယဲလ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ဘာစီလိုနာအသင်းက ဒုတိယ၊ အက်သလက်တီကိုက တတိယ၊ ဆိုစီဒက်က စတုတ္ထနေရာတွင် ရှိနေကြောင်း သိရသည်။
စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ရီးယဲလ်က ဘီလ်ဘာအို၏နောက် တတိယနေရာတွင် ရှိနေသည်။
ယခုရာသီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ဧပြီ(၂၆)တွင် ကျင်းပမည်ဟု သိရသည်။