
မန်စီးတီးအသင်းသည် ယခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ် လန်းစ်အသင်းမှ ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်ကို ပေါင် (၃၃.၆)သန်းဖြင့် ခေါ်ယူခဲ့ပြီး စျေးကွက်အတွင်း ပေါင် သန်း ၂၀၀ အထိ အသုံးပြုဖွယ်ရှိကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်များစွာ အားဖြည့်ခေါ်ယူရန် စီစဉ်နေရာ ခူဆာနော့ဗ်သည် ပထမဆုံးခေါ်ယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ခူဆာနော့ဗ်သည် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာသည့် ပထမဆုံးဥဇဘက် ကစ္စတန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ခူဆာနော့ဗ်(၂၀ နှစ်)သည် ပြီးခဲ့သည့်ရာသီကတည်းက လန်းစ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် သွေးသစ်လောင်းရန် ကြိုးပမ်းနေသော မန်စီးတီးအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ပြင်သစ်လိဂ်၏ ပထမဆုံးဥဇဘက်ကစ္စတန်ကစားသမား ဖြစ်ခဲ့သလို၊ ပရီးမီးယားလိဂ်၏ ပထမဆုံးဥဇဘက်ကစ္စတန်ကစားသမား ဖြစ်လာသည့် ခူဆာနော့ဗ်က ''မန်စီးတီးက ကမ္ဘာမှာ အကောင်းဆုံးကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ အသင်းတစ်သင်းပါ။ သူတို့နဲ့ ဆုံတွေ့ဖို့၊ သူတို့နဲ့ အတူတွဲကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ပြီးတော့ ဂွါဒီယိုလာကလည်း အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ဆီက သင်ယူဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ မန်စီးတီးလို ထိပ်သီးအသင်းတစ်သင်းနဲ့ လက်တွဲရတာဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ''ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူမှုအတွက် ငွေကြေးများစွာ သုံးစွဲလေ့မရှိသည့်အသင်းဖြစ်သော်လည်း ယခုနှစ်တွင်မူ အသင်း၏ ယိမ်းယိုင်မှုကြောင့် ပေါင်သန်း(၂၀၀)အထိ သုံးစွဲဖွယ်ရှိနေသည်။
နည်းပြ ဂွါဒီယိုလာကို စိတ်ကြိုက်အားဖြည့်ခေါ်ယူရန် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပါးလ်မီးရပ်စ်အသင်းမှ ဘရာဇီးလ်ဆယ်ကျော်သက်နောက်ခံလူ ဗစ်တာဟေးစ်နှင့် ဖရန့်ဖတ်အသင်းမှ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်တို့ကို ခေါ်ယူရန် သဘောတူညီမှုရရှိ ထားပြီဖြစ်ကြောင်းလည်း သိရသည်။