
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း က သူ၏အသင်းဖော်နှင့် တစ်နိုင်ငံတည်းသား ဖြစ်သူ အဲရစ်ဒိုင်ယာကို စာချုပ်သစ်ချုပ်ဆိုရန် ကလပ်အား တိုက်တွန်းခဲ့သည်။ ဒိုင်ယာ (၃၁ နှစ်)၏လက်ရှိစာချုပ်သည် ယခုရာသီ ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဟာရီကိန်းက ဝုလ်ဖ်ဘတ်အား အနိုင်ရသည့် ပွဲအပြီးတွင် သူငယ်ချင်းဖြစ်သူ ဒိုင်ယာအား အသင်း၌ ဆက်ရှိစေလိုကြောင်း အတိအလင်း ဆိုခဲ့သည်။
ဒိုင်ယာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ကနဦးအငှားဖြင့် ရောက်ရှိလာပြီး ပြီးခဲ့သည့်ရာသီကုန်၌ စာချုပ်သက်တမ်းကုန်ဆုံး ချိန်တွင် ဘိုင်ယန်အသင်းက တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဒိုင်ယာအနေဖြင့် ဘိုင်ယန်ကို ရောက်လာပြီးကတည်းက ပြိုင်ပွဲ စုံ ၃၁ ပွဲ ကစားခဲ့သော်လည်း ယခုရာသီတွင် ဘွန်ဒစ်လီဂါပွဲစဉ် သုံးပွဲသာ ပွဲထွက်ကစားခဲ့ရသည်။
၎င်းသည် ဘိုင်ယန်အသင်း၌ ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး နည်းပြဖြစ်သူ ကွန်ပနီက ၎င်းအစား အူပါမယ်ကာနိုနှင့် ကင်မင်ဂျေးတို့ကိုသာ ပုံမှန်ပွဲထွက် ကစားစေလျက်ရှိသည်။ ဒိုင်ယာသည် စပါးအသင်းသို့ ၂၀၁၄ ခုနှစ်က ရောက်လာခဲ့ပြီး ဟာရီကိန်း ရောက်ရှိလာပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်သည်။
၎င်းအနေဖြင့် စပါးအသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးသည့် ၂၀၂၃-၂၄ ရာသီကုန်၌ အသင်းနှင့် လမ်းခွဲခဲ့သည်။ ဟာရီကိန်းနှင့် ဒိုင်ယာသည် ၂၀၁၂ ခုနှစ်ကတည်းကပင် အင်္ဂလန် ယူ-၁၉ အသင်းတွင် အတူတွဲကစားခဲ့ပြီး အင်္ဂလန် ဂျူနီယာနှင့် စီနီယာ၊ စပါး၊ ဘိုင်ယန်မြူးနစ်အသင်းများတွင် ၎င်းတို့နှစ်ဦး အတူတွဲကစားသည့် ပြိုင်ပွဲစုံပွဲပေါင်း ၃၈၆ ပွဲအထိ ရှိခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။