
အင်္ဂလန်နောက်ခံလူဟောင်းဖြစ်သူ ၀ိန်းဘရစ်ချ်နှင့် YouTuber မှ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ထိုးသတ်နေသည့် KSI တို့ မတ်လအတွင်း လက်ဝှေ့ပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း စကားစစ်ထိုးပွဲတွင် KSI က ၀ိန်းဘရစ်ချ် ဘောလုံးသမားဘဝ၌ အသင်းဖော် ဂျွန်တယ်ရီနှင့် ဖောက်ပြန်ခဲ့သည့် ချစ်သူဟောင်းအကြောင်း ပြန်ပြောခဲ့မှုအတွက် ၎င်းတို့နှစ်ဦးထိုးသတ်မည့် လက်ဝှေ့ပွဲ ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။
အဆိုပါပွဲစဉ်ကို မတ် ၂၉ ရက်တွင် မန်ချက်စတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း KSI တည်ထောင်ထားသည့် Misfits Boxing အဖွဲ့အစည်းက ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပွဲကျင်းပမည့်နေရာကို ထပ်မံကြေညာရန် စီစဉ်ခဲ့သည်။ ၀ိန်းဘရစ်ချ် (၄၄ နှစ်) သည် ဆောက်သမ်တန်၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ဘရိုက်တန်၊ ရက်ဒင်း စသည့်ကလပ်များတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလ၌ ကစားသမားဘဝမှ အနားယူခဲ့သည်။
ထို့နောက် ၀ိန်းဘရစ်ချ်သည် ၂၀၁၈ ခုနှစ် မတ်လတွင် BBC သတင်းဌာန၏ Sports Relief အစီအစဉ်အတွက် ရုပ်သံတင်ဆက်သူ စပန်ဆာမက်သယူးနှင့် သရုပ်ပြလက်ဝှေ့ပွဲထိုးသတ်ဖူးပြီး သုံးချီထိုးသတ်ပြီးနောက် ဒိုင်အားလုံး၏ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။ စကားစစ်ထိုးပွဲတွင် KSI က "ခင်ဗျားက ဂျွန်တယ်ရီ ရိုက်ခွဲခဲ့တဲ့သူရဲ့ချစ်သူဟောင်း မဟုတ်လား" လို့ စတင်ပြောဆိုပြီး ၀ိန်းဘရစ်ချ်က "မင်း ချက်ချင်း ထွက်သွားချင်သလား"လို့ တုံ့ပြန် ခဲ့သည်။ ထို့နောက် KSI က "အဲဒါကို ခင်ဗျား ကောင်းကောင်းသိနေပါတယ်"ဟု ထပ်ပြောခဲ့ပြီးနောက် တက်ရောက်ကြည့်ရှုခဲ့သည့် ပရိသတ်ကလည်း ၀ိန်းဘရစ်ချ်၏ချစ်သူဟောင်း ဗန်နက်ဆာပရွန်ဆယ်၏အမည်ကို ရေရွတ်ကာ "Vanessa Woah, Vanessa Woah"ဟု သံပြိုင်ဟစ်အော်ခဲ့ကြသည်။
ယင်းနောက်တွင် ၀ိန်းဘရစ်ချ်က အဆိုပါပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ၀ိန်းဘရစ်ချ်က သူ၏မိသားစုကို ကာကွယ်ရန်လိုအပ်ကြောင်း နှင့် အခြားစိန်ခေါ်မှုကို ရှာဖွေသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်ထဲတွင် ပြောကြားခဲ့သည်။ အင်္ဂလန်နိုင်ငံသား Influencer ဖြစ်သူ KSI (၃၁ နှစ်)သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ လက်ဝှေ့ပွဲစဉ်များထိုးသတ်လျက်ရှိပြီး အပျော်တမ်းပွဲစဉ် နှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ပရော်ဖက်ရှင်နယ်ပွဲစဉ် ခြောက်ပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲမှာမူ ရလဒ် ပြန်ပယ်ဖျက်ခံထားခဲ့ရကြောင်း သိရသည်။