Eleven Media Group

စပိန်ဘုရင့်ဖလား ကွာတားပွဲစဉ် ထွက်ပေါ်လာပြီးနောက် ဗိုလ်စွဲရန်အတွက် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းပင် ထိပ်ဆုံးမှ ရေပန်းစားနေ

Photo: Getty Images

ဇန်နဝါရီလ ၂၀ ရက်က စပိန်ဘုရင့် ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ရေးဆွဲခဲ့ပြီးနောက် ဗိုလ်စွဲရန်အတွက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ အသင်းပင် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။

အလေးပေးချက်တွင် ရီးယဲလ်အသင်းက ရး၄ လေးဖြင့် ထိပ်ဆုံး၌ရှိနေပြီး ဘာစီလိုနာက ၂း၁ လေး၊ အက်သလက်တီကိုက ၄း၁ လေး၊ ဆိုစီဒက်က ၁ဝး၁ လေး၊ ဗလင်စီယာက ၁၈း၁ လေး၊ အိုဆာဆူနာက ၂ဝး၁ လေး၊ ဂီတာဖေး က ၂၅း၁ လေး၊ လီဟာနက်စ်က ၃၃း၁ လေး အသီးသီးရှိနေကြသည်။

လာလီဂါ ထိပ်သီး နှစ်သင်းဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်တို့ သည် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်သို့ လာလီဂါ ကလပ် ရှစ်သင်း တက်ရောက်ခဲ့ပြီး ဗလင်စီယာနှင့် ဘာစီလိုနာ၊ လီဟာနက်စ်နှင့် ရီးယဲလ်၊ အက်သလက်တီကိုနှင့် ဂီတာဖေး၊ ဆိုစီဒက် နှင့် အိုဆာဆူနာတို့ ဆုံတွေ့ခဲ့သည်။

အဆိုပါ ပွဲစဉ်များကို ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက် အတွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံမှာ ဘီလ်ဘာအိုအသင်း ဖြစ်သော်လည်း ၁၆ သင်းအဆင့်တွင် အိုဆာဆူနာ အသင်းကို အိမ်ကွင်း၌ (၂-၃)ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

ဘာစီလိုနာ အသင်းက စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ရီးယဲလ်က ဘီလ်ဘာအို၏နောက် တတိယနေရာတွင် ရှိနေသည်။ ယခုရာသီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ဧပြီ ၂၆ ရက်တွင် ကစားမည်ဖြစ်သော်လည်း ကွင်းကို မရွေးချယ်ရသေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group