Eleven Media Group

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်း ပါဝင်မည်ဖြစ်ပြီး ပိိုက်ကျော်ခြင်းအားကစားနည်းအောက်တွင် ပြိုင်ပွဲအမျိုးအစား နှစ်မျိုး ထည့်သွင်းကျင်းပမည်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည့် ခြင်းလုံးအားကစားနည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအိုလံပစ်ကော်မတီသည် ခြင်းလုံး အားကစားနည်းကို ပိုက်ကျော်ခြင်းအားကစားနည်းအောက်တွင် ထည့်သွင်းပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား နှစ်မျိုး ပါဝင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ခြင်းလုံးအားကစားနည်းတွင် အားနည်းသဖြင့် ပြိုင်ပွဲအမျိုး အစား နှစ်မျိုးသာ ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲအမျိုးအစား နှစ်မျိုးစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့ ရိုးရာအားကစားနည်းဖြစ်သည့် ခြင်းလုံးအားကစားနည်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး ယင်းနောက်ပိုင်းပြုလုပ်သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ၊ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ နှင့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲ တို့တွင်ပါဝင်ကာ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမး်စ်ပြိုင်ပွဲတို့တွင် ထည့်သွင်းကျင်းပခြင်းမရှိကြောင်း သိရသည်။

၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်း ထည့်သွင်းကျင်းပပြီးနောက်ပိုင်း မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည့် ခြင်းလုံးအားကစားနည်းကို အရှေ့တောင်အာရှနိုင်ငံများသာမက အာရှနိုင်ငံများတွင်ပါ ပြန့်ပွားလာစေရန် နိုင်ငံတကာ ခြင်းလုံးပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပခဲ့ ပြီး ၂၀၁၃ နောက်ပိုင်းကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲအများစုတွင် ပါဝင်လာခြင်းဖြစ်သည်။

မြန်မာခြင်းလုံးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းပါဝင် သည့် အကြိမ်တိုင်း ရွှေတံဆိပ်မလွတ်တမ်း ရယူနိုင်ခဲ့ပြီး ၂၀၁၃ မြန်မာဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ်ခြောက်ခု၊ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာခြင်းလုံးအသင်းသည် လာမည့်ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်မလွတ်တမ်းရယူ နိုင်ဖွယ်ရှိနေပြီး အနည်းဆုံးတစ်ခု ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအိုလံပစ်ကော်မတီသည် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်း၌ ပြိုင်ပွဲအမျိုးအစား ၁၁ မျိုး ပါဝင်မည်ဖြစ်ပြီး ပိုက်ကျော်ခြင်း သုံးယောက်တွဲအသင်းလိုက် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲ၊ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ Mixed လေးယောက်တွဲ ပြိုင်ပွဲ၊ ကွင်းသွင်းခြင်းခတ် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ ခြင်းလုံး အမျိုးသားပြိုင်ပွဲ နှင့် အမျိုးသမီးပြိုင်ပွဲ ပါဝင်မည်ဖြစ်သည်။ ထိုင်းအိုလံပစ်ကော်မတီသည် ပိုက်ကျော်ခြင်း အားကစားနည်းတွင် ၎င်းတို့အားသာသည့် သုံးယောက်တွဲပြိုင်ပွဲကို အသင်းလိုက်ပြိုင်ပွဲပါ ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း နှစ်ယောက်တွဲပြိုင်ပွဲ ထည့်သွင်းကျင်းပမည် မဟုတ်ကြောင်း သိရသည်။

၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ဘန်ကောက် မြို့၊ ချောင်ဘူရီမြို့နှင့် ဆောင်ခလာမြို့တို့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အားကစားနည်း ၅၀ မှ ပြိုင်ပွဲအမျိုးအစား ၅၈၅ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ခုနစ်ကြိမ်မြောက်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group