Eleven Media Group

UFC 313 ပြိုင်ပွဲတွင် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ပယ်ရေရာနှင့် အန်ကာလက်ဗ်တို့၏ပွဲစဉ်ကို ခေါင်တွဲဆိုင်းအဖြစ် ကျင်းပမည်

Photo: X

မတ် ၈ ရက်ကျင်းပမည့် UFC 313 ပြိုင်ပွဲတွင် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ဘရာဇီးလ်ကစားသမား အဲလက်စ်ပယ်ရေရာနှင့် ရုရှားကစားသမား အန်ကာလက်ဗ်တို့၏ ပွဲစဉ်ကို ခေါင်တွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

UFC 311 ပြိုင်ပွဲကျင်းပနေသည့် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် UFC 313 ပြိုင်ပွဲ၌ပါဝင်မည့် အဓိကတွဲဆိုင်းနှစ်ခုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ UFC 313 ပြိုင်ပွဲကို မတ် ၈ ရက်တွင် အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်စ်ရှိ T-Mobile Arena ၌ ကျင်းပမည်ဖြစ်ပြီး ခေါင်တွဲဆိုင်းအဖြစ် ပယ်ရေရာ နှင့် အန်ကာလက်ဗ်၊ ဒုခေါင်တွဲဆိုင်းအဖြစ် အမေရိကန်ကစားသမား ဂျပ်စတင်ဂေးဂျီနှင့် နယူးဇီလန်ကစားသမား ဒန်ဟွတ်ကာတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ပယ်ရေရာ (၃၇ နှစ်) သည် မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်းဖြစ်ပြီး လစ်လပ်နေသည့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် စတင်ရယူနိုင်ခဲ့သည်။ ၎င်းသည် ချက်ကစားသမား ပရိုဟက်ဇ်ကာကို ဒုတိယအချီတွင် တံတောင် ရိုက်ချက်ဖြင့် အလဲထိုးအနိုင်ယူကာ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီတွင် အမေရိကန် ကစားသမား ဂျာမာဟာလ်ဟေးလ်ကို ပထမအချီ၌လည်းကောင်း၊ ဇွန်လတွင် ပရိုဟက်ဇ်ကာကို ဒုတိယအချီ၌လည်းကောင်း၊ အောက်တိုဘာတွင် အမေရိကန်ကစားသမား ရောင်းထရီးဂျူနီယာကို စတုတ္ထအချီ၌လည်းကောင်း အလဲထိုးအနိုင်ရကာ ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သည်။

ပယ်ရေရာသည် ပြက္ခဒိန်တစ်နှစ်အတွင်း ချန်ပီယံကာကွယ်ပွဲသုံးပွဲ ထိုးသတ်ခွင့်ရသည့် ခုနစ်ဦးမြောက် UFC ကစားသမားဖြစ်လာသလို ချန်ပီယံကာကွယ်ပွဲသုံးပွဲကို အချိန်ကာလအနည်းဆုံးဖြင့် ထိုးသတ်ရသူအဖြစ် စံချိန်တင်ထားသည့် အမျိုးသမီးဘန်တမ်ဝိတ်တန်းချန်ပီယံဟောင်း အမေရိကန်နိုင်ငံသူ ရွန်ဒါရောက်ဆီ၏ ၁၈၉ ရက်စံချိန်ကို ၁၇၅ ရက်ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် ပယ်ရေရာသည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးရရှိထားသည်။ ၎င်းသည် ပရော်ဖက်ရှင်နယ် MMA ပွဲစဉ် ၁၄ ပွဲထိုးသတ်ရာတွင် ၁၂ ပွဲအနိုင်ရပြီး နှစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ချန်ပီယံစိန်ခေါ်ပွဲထိုးသတ်မည့် အန်ကာလက်ဗ် (၃၂ နှစ်) မှာလည်း ပရိုပွဲစဉ် ၂၂ ပွဲထိုးသတ်ရာတွင် ၁၉ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲသာ ရှုံးနိမ့်ပြီး တစ်ပွဲမှာမူ ရလဒ်ပယ် ဖျက်ခံထားရသည်။ အန်ကာလက်ဗ်သည် လစ်လပ်နေသည့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီ ယံခါးပတ်အတွက် ပရိုဟက်ဇ်ကာနှင့် ထိုးသတ်ဖူးပြီး သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ဒုခေါင်တွဲဆိုင်းဖြစ်သည့် ဂေးဂျီနှင့် ဟွတ်ကာတို့၏ပွဲစဉ်ကို လိုက်ဝိတ်တန်းအဖြစ် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံစိန်ခေါ်ပွဲမဟုတ်သော်လည်း ငါးချီထိုးသတ်ရမည်ဖြစ်သည်။ ဂေးဂျီမှာ လိုက်ဝိတ်တန်း ကြားဖြတ်ချန်ပီယံ ခါးပတ်ရရှိခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group