Eleven Media Group

ဘရိုက်တန်အား ရှုံးနိမ့်ပြီးနောက် မန်ယူကစားသမားများကို အာမိုရင်မ် ဒေါသပေါက်ကွဲခဲ့ပြီး အဝတ်လဲခန်းမှ တီဗွီကို ပျက်စီးစေခဲ့ကြောင်း သတင်းထွက်

Photo: YouTube

မန်ယူနည်းပြ အာမိုရင်မ်သည် ဘရိုက်တန်အသင်းအား ရှုံးနိမ့်ပြီးနောက် အသင်းကစားသမားများကို ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့ပြီး အဝတ်လဲခန်းမှ တီဗွီကို ပျက်စီးစေခဲ့ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဇန်နဝါရီ (၁၉) ရက်(တနင်္ဂနွေနေ့)က ကစားခဲ့သည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွင် ဘရိုက်တန်အသင်းအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းရှုံးပွဲမှာ အာမိုရင်မ်လက်ထက် ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၇) ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး မန်ယူအသင်းမှာလည်း ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) အပြီးတွင် ရမှတ် (၂၆) မှတ်ဖြင့် အဆင့် (၁၃) နေရာသို့ ရောက်ရှိသွားခဲ့သည်။

ဘရိုက်တန်အား ရှုံးနိမ့်သည့်ပွဲအပြီးတွင် မန်ယူနည်းပြ အာမိုရင်မ်သည် အသင်းကစားသမားများကို လူသိရှင်ကြားဝေဖန်ခဲ့သလို၊ အဝတ်လဲခန်းထဲတွင်လည်း ဒေါသပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ The Athletic ၏ ဖော်ပြချက်အရ အာမိုရင်မ်သည် ဘရိုက်တန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲပြီးနောက် အသင်းအဝတ်လဲခန်းတွင် မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ကဲ့သို့ အသင်းကစားသမားများကို ဆူပူကြိမ်းမောင်းခဲ့ပြီး ဒေါသတကြီး အရာဝတ္ထုများကို ကိုင်ပေါက်ခဲ့ရာ တီဗွီကို ထိခိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်း၏အဝတ်လဲခန်းထဲတွင် အသင်းကစားသမားများကို နည်းစနစ်ပိုင်းနှင့်ပတ်သက်ပြီး ရှင်းပြသည့် LED တီဗွီရှိပြီး အာမိုရင်မ်၏ဒေါသကြောင့် အဆိုပါတီဗွီ Screen ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ရိန်းဂျားစ်အသင်းနှင့် ယူရိုပါလိဂ်ပွဲမတိုင်မီ အသင်းအဝတ်လဲခန်းမှ တီဗွီကို ပြန်ပြင်ခဲ့ရကြောင်း The Athletic က ဖော်ပြခဲ့သည်။

ဘရိုက်တန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အာမိုရင်မ်၏နည်းစနစ်များနှင့် ဆာဂျင်ရက်ကလစ်ဖ်လက်ထက် မန်ယူအသင်း၏ကျဆင်းမှုများကို ဝေဖန်မှုများလည်း ရှိခဲ့သည်။ သို့သော် အာမိုရင်မ်က ၎င်းအနေဖြင့် လက်ရှိကျင့်သုံးနေသည့် ကစားကွက်နှင့် နည်းစနစ်ကို လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြားထားသည်။

မူရင်းသတင်း — Eleven Media Group