Eleven Media Group

မန်စီးတီးတိုက်စစ်ကစားသမား ဂရီးလစ်ရှ်အား ခေါ်ယူရန် မန်ချက်စတာဒါဘီပြိုင်ဘက် မန်ယူအသင်းအပြင် အခြားပရီးမီးယားလိဂ်အသင်း (၃) သင်း စိတ်ဝင်စားနေ

Photo: AFP

မန်စီးတီးအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်အား ခေါ်ယူရန် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ယူအသင်းအပါအဝင် အခြားပရီးမီးယားလိဂ်အသင်း (၃) သင်းက စိတ်ဝင်စားနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ ဂရီးလစ်ရှ်သည် ၂၀၂၁ နွေရာသီတွင် အက်စတွန်ဗီလာ အသင်းမှ မန်စီးတီးအသင်းထံသို့ ထိုစဉ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဖြင့် ရောက်ရှိလာသူဖြစ်သည်။ သို့သော် ဂရီးလစ်ရှ်သည် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသလို၊ ပွဲကစားခွင့်ရရန်လည်း ရုန်းကန်နေရသည်။

ဂရီးလစ်ရှ်သည် ယ ခုရာသီတွင် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် (၆) ပွဲသာ ပွဲထွက်ကစားခွင့်ရထားပြီး ပြိုင်ပွဲစုံ (၂၁) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ သည် ယခုလအစောပိုင်းက ဂရီးလစ်ရှ်၏ခြေစွမ်းကို လူသိရှင်ကြားဝေဖန်ခဲ့ပြီး ဖလား (၃) လုံးရရှိခဲ့သည့်ရာသီက ဂရီးလစ်ရှ်၏ခြေစွမ်းကို လွမ်းဆွတ်မိကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာ၏ အဆိုပါဝေဖန်မှုထွက်ပေါ်လာပြီးနောက် ဂရီးလစ်ရှ်အနေဖြင့် မန်စီးတီး အသင်းမှထွက်ခွာရမည်ဟု သတင်းထွက်နေပြီး ယခုအခါ ၎င်းကိုခေါ်ယူရန် မန်ချက်စတာ ဒါဘီပြိုင်ဘက် မန်ယူအသင်းနှင့် အခြားပရီးမီးယားလိဂ်အသင်း (၃) သင်းက စိတ်ဝင်စားနေကြကြောင်း သိရသည်။

မန်ယူနည်းပြ အာမိုရင်မ်သည် ရိန်းဂျားစ်နှင့်ပွဲမတိုင်မီ ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၇) ပွဲအထိ ရှုံးနိမ့်ပြီးနောက် ယခုဇန်နဝါရီတွင် အသင်းကို အင်အားဖြည့်တင်းလိုနေကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့် ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ခဲ့မည်ဆိုပါက ၂၀၀၉ တွင် မန်ယူမှ မန်စီးတီးသို့ပြောင်းရွှေ့ခဲ့သည့် တီဗက်ဇ်နောက်ပိုင်း မန်ချက်စတာဒါဘီ ပြိုင်ဘက်များအကြား တိုက်ရိုက်ပြောင်းရွှေ့သည့် ပထဆုံးကစားသမားဖြစ်လာမည်ဖြစ်သည်။

မန်စီးတီးတွင် အနာဂတ်လှုပ်ခတ်နေသည့် ဂရီးလစ်ရှ်အား ခေါ်ယူရန် မန်ယူအသင်းအပြင် အခြားပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် အသင်းဟောင်း အက်စတွန်ဗီလာ၊ စပါး နှင့် နယူးကာဆယ်တို့လည်း စိတ်ဝင်စားနေကြောင်း သိရသည်။ ထို့ပြင် ပြည်ပကလပ်များ ဖြစ်သည့် အေစီမီလန်နှင့် ဒေါ့မွန်ကလည်း ၎င်းကို ခေါ်ယူလိုနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group