Eleven Media Group

ဆာလာသည် စီရော်နယ်လ်ဒိုကဲ့သို့ ကစားသမားမျိုးဖြစ်ကြောင်း လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဟက်စကီး ပြောကြား

Photo: Getty Images

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဟက်စကီးက ဆာလာသည် စီရော်နယ်လ်ဒိုကဲ့သို့ကစားသမားဖြစ်ပြီး အသက်(၃၆)နှစ်အထိ ထိပ်တန်းအဆင့်တွင် ကစားနိုင်ဦးမည်ဟု ပြောကြားခဲ့သည်။

ဆာလာ (၃၂ နှစ်)သည် ယခုရာသီကုန်တွင် လီဗာပူးလ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ လက်ရှိအချိန်ထိ အဆင်မပြေသေးကြောင်း သိရသည်။

ယခုအခါ ဟက်စကီး က ဆာလာအနေဖြင့် ထိပ်တန်းအဆင့်တွင် (၄)နှစ်လောက် ကစားနိုင်ဦးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟက်စကီးက "ဆာလာက စီရော်နယ်လ်ဒိုလိုပဲ သူ့ ကိုယ်သူ ဂရုစို်က်သူပါ။ ဆလာအနေနဲ့ နောက်ထပ် (၄) နှစ်လောက်အထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆာလာသည် ပြီးခဲ့သည့် အင်္ဂါနေ့ကစားခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ် ၇ လိုင်လီအား အနိုင်ရသည့်ပွဲတွင် (၁)ဂိုးသွင်းယူပြီး နောက် အသင်းအတွက် ဥရောပပြိုင် ပွဲသွင်းဂိုး (၅၀) ပြည့်မြောက်ခဲ့သည်။ ဆာလာ၏ လီဗာပူးလ်အတွက် ဥရောပပြိုင်ပွဲ သွင်းဂိုး (၅၀) တွင် ချန်ပီယံလိဂ်(၄၄) ဂိုး၊ ယူရိုပါလိဂ် (၅)ဂိုးနှင့် ချန်ပီယံလိဂ် ခြေစစ်ပွဲ (၁)ဂိုးတို့ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group