Eleven Media Group

ရပ်ရှ်ဖို့ဒ်အား အငှားဖြင့်ခေါ်ယူရန် ၎င်း၏ကိုယ်စားလှယ်များနှင့် ဘာစီလိုနာအသင်း ဆွေးနွေး

Photo: Football Transfer

ဘာစီလိုနာအသင်းသည် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား အငှားဖြင့်ခေါ်ယူရန်အတွက် ကစားသမား၏ကိုယ်စားလှယ်များနှင့် လစ္စဘွန်းမြို့တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် စိန်ခေါ်မှုသစ်များ ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု အင်တာဗျူးတစ်ခုပြောကြားခဲ့ပြီးနောက် မန်ယူအသင်းတွင် ကစားရခြင်းမရှိတော့ပေ။ ထို့ကြောင့် ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုဇန်နဝါရီတွင် အသင်းမှထွက်ခွာမည် ဟု သုံးသပ်နေကြပြီး ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

စပိန်မီဒီယာများ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းအားကစားဒါရိုက်တာ ဒေကိုသည် ရပ်ရှ်ဖို့ဒ်အား အငှားဖြင့်ခေါ်ယူရန်အတွက် ဘင်ဖီကာအသင်းနှင့်ပွဲမတိုင်မီ ကစားသမား၏ကိုယ်စားလှယ်များနှင့် လစ္စဘွန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်အား အငှားခေါ်ယူနိုင်ခဲ့မည်ဆိုပါက ၎င်းကို လာလီဂါ၏ 1:1 လစာစည်းမျဉ်းအရ မှတ်ပုံတင်မည်ဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုဇန်နဝါရီတွင် အသင်းနောက်ခံကစားသမား အဲရစ်ဂါစီယာ နှင့် တိုက်စစ်ကစားသမား အန်ဆူဖာတီကို အငှားချရန် စီစဉ်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် ၎င်းတို့ကို အငှားချနိုင်ခဲ့ပါက ရပ်ရှ်ဖို့ဒ်အား အငှားဖြင့် ပြန်လည်ခေါ်ယူနိုင်မည်ဖြစ်ပြီး လာလီဂါတွင် မှတ်ပုံလည်းတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group