
ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး အန်ကွန်ကူ၏နေရာတွင် အစားထိုးရန်အတွက် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း The Times က ဖော်ပြခဲ့သည်။
အသက် (၂၇) နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး အန်ကွန်ကူသည် ယခုရာသီတွင် ပုံမှန်ပွဲထွက်ရရန် ရုန်းကန်နေရသည့်အပေါ် ဒေါသထွက်နေပြီး အသင်းမှထွက်ခွာလိုနေကြောင်း သိရသည်။ လက်ရှိတွင် အန်ကွန်ကူ အား ခေါ်ယူရန် အသင်းဟောင်း PSG နှင့် ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ယခုဇန်နဝါရီတွင် အန်ကွန်ကူအား ရောင်းထုတ်ပြီး ၎င်း၏နေရာတွင် ဂျူဗင်တပ်စ် တိုက်စစ်မှူး ဗလာဟိုဗစ်ဖြင့် အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်သည် ၂၀၂၂ ဇန်နဝါရီတွင် ဖီအိုရင်တီးနားမှ ဂျူဗင်တပ်စ်အသင်းသို့ ပေါင် (၆၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၁၂၅)ပွဲတွင် (၅၃)ဂိုးသွင်းယူ ထားသည်။
ဗလာဟိုဗစ်သည် လက်ရှိ၌ တစ်နှစ်လစာ ပေါင်(၁၀)သန်းအောက် ရရှိနေပြီး ဂျူဗင်တပ်စ်က လစာလျှော့လိုနေသဖြင့် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။ ယင်းအခြေအနေတွင် ချယ်လ်ဆီးအသင်းက ဗလာဟိုဗစ်အား ခေါ်ယူလိုနေပြီး အသင်းနောက်ခံလူ ဗေဂါကို အလိုက်ပေးရန်ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရသည်။