Eleven Media Group

ယူရိုပါလိဂ်ပွဲစဉ်(၇) ပွဲကြိုသုံးသပ်ချက်

Photo: Man Utd

အယ်လ်ခမာ နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ရိုးမားရဲ့အဝေးကွင်းရလဒ်မစွံလို့ အိမ်ရှင် အယ်လ်ခမာအသင်းဘက်ကပဲ ရပ်တည်သင့်တယ်။

ဖီနာဘာချီ နှင့် လိုင်ယွန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

နာမည်ကျော်နည်းပြ မော်ရင်ဟိုရဲ့ဖီနာဘာချီအသင်းက ပြည်တွင်းပွဲတွေမှာ အခြေအနေပြန်ကောင်းလာတယ်။ ဖီနာဘာချီအတွက် အခုပွဲက (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့် ရမလားကို အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲပါပဲ။ ကစားသမားပိုင်းအရကြည့်ရင်လည်း ဖီနာဘာချီအသင်းက လိုင်ယွန်ထက် ပိုသာပါတယ်။ လိုင်ယွန်အနေနဲ့ အခုပွဲ သရေလောက် ထိန်းကစားနိုင်ရင်ပဲ အခြေအနေကောင်းသွားနိုင်တာကို ထည့်တွက်ရမယ်။ ဖီနာဘာချီအသင်းအဖို့တော့ ဖောင်ဖျက်ကစားရမယ့်ပွဲမျိုးပါပဲ။ အိမ်ကွင်းလည်း ဖီနာဘာချီကိုပဲ ကြိုက်တယ်။

ဟော်ဖန်ဟင်မ် နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

စပါးအသင်းရဲ့ကျဆင်းသွားမှုက အတော်လေးမယုံနိုင်စရာကောင်းတယ်။ ယူရိုပါလိဂ်မှာလည်း (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး ထိပ်ဆုံး(၈)သင်းပြင်ပကို ရောက်ရှိသွားခဲ့တယ်။ ခံစစ်မှာ ဒဏ်ရာပြဿနာတွေ များခဲ့တာက စပါးကို အခုအခြေအနေအထိ ဖြစ်သွားစေခဲ့တာပါ။ ဒါပေမဲ့ လက်ကျန်နှစ်ပွဲအရ စပါးအသင်းက ထိပ်ဆုံး(၈)သင်းထဲ ပြန်ရောက်ဖို့လည်း အခွင့်အလမ်းများတယ်။ ဟော်ဖန်ဟင်မ်ကတော့ အခုပွဲ မနိုင်ရင် League Phase ကနေ လှည့်ပြန်ရဖို့များတယ်။ ခြေစွမ်းအရ စပါးကို အနိုင်ကစားဖို့မလွယ်ပေမဲ့ ဟော်ဖန်ဟင်မ် သရေတော့ ခံကစားနိုင်လောက်တယ်။

လာဇီယို နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လာဇီယိုအသင်းကတော့ ယူရိုပါလိဂ်မှာ ထင်မှတ်မထားဘဲ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အိမ်ကွင်းစွမ်းဆောင်ရည် အနည်းငယ် ကျဆင်းနေတာ သတိပြုရမယ်။ လာဇီယိုအနေနဲ့ ဒီပွဲမှာ ခြေချော်ခဲ့ရင်တောင် အမှားခံနိုင်မယ့် အနေအထားမျိုးလည်း ရှိနေတယ်။ ဆိုစီဒက်ကတော့ ထိပ်ဆုံး(၈)သင်းစာရင်းထဲ ဝင်လိုရင် ဒီလိုပွဲမျိုးကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတယ်။ လက်ရှိမှာ လာဇီယိုထက် ဆိုစီဒက်က အမှတ်ပိုလိုအပ်နေတာကလည်း ဒီပွဲအပေါ် သက်ရောက်မှုရှိလိမ့်မယ်။ ဆိုစီဒက် အမှတ်ရမှာပါ။

မန်ယူ နှင့် ရိန်းဂျားစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

မန်ယူအသင်းက နည်းပြသစ် အာမိုရင်မ်လက်ထက် ပြည်တွင်းပွဲတွေမှာ ရုန်းကန်နေရပေမဲ့ ယူရိုပါလိဂ်မှာတော့ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့တယ်။ မန်ယူအနေနဲ့ ပြည်တွင်းမှာ အရေးမလှလို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ အားစိုက်ကစားမှာ သေချာတယ်။ ရိန်းဂျားစ်နဲ့ တွေ့ဆုံမှုတွေမှာလည်း မန်ယူအသင်းကပဲ အပြတ်အသတ်အသာရထားသလို၊ ရာသီကြိုခြေစမ်းပွဲတုန်းကလည်း (၂-၀)ဂိုးနဲ့ အနိုင်ယူထားခဲ့တယ်။ အိုးလ်ထရက်ဖို့ဒ်မှာ သိက္ခာပြန်ဆယ်ရမယ့် မန်ယူအသင်းကိုပဲ ရွေးချယ်ချင်တယ်။

အခြားပွဲစဉ်များ

*ဘိုဒယ်ဂလင့် - မက္ကာဘီတဲလ်အဗစ်
ပေါ်တို - အိုလံပီယာကော့စ်*
မာလ်မို - FC တွမ်တီး*
ကာရာဘတ် - စတူအာဘူခါရက်*
ပယ်လ်ဇန် - အန်ဒါလက်ချ်*
*ဖရန့်ဖတ် - ဖယ်ရန်ဗာရို့စ်
*အဲလ်ဖ်ဘော့ - နိုက်စ်
လူဒိုဂိုရတ်စ် - မစ်ဂျီလန်း*
*PAOK - ဆလားဗီးယားပရပ်ဂ်
ရီဂတ်စ် - အေဂျက်စ်*
ဆန်လွိုက်ဆီ - စပို့တင်းဘရာဂါ*

မူရင်းသတင်း — Eleven Media Group