
ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည်ဆိုသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အသက် (၆၅)နှစ်အရွယ်ရှိ အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ယခု ၂၀၂၄-၂၅ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားကြောင်း စပိန်မီဒီယာတစ်ခုဖြစ်သည့် Onda Cero က ဖော်ပြခဲ့သည်။
Onda Cero က အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းတွင် ပျော်ရွှင်နေသော်လည်း ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားပြီး ၎င်း၏နေရာကို လေဗာကူဆင်နည်းပြ အလွန်ဆိုက ဆက်ခံမည်ဟု ဖော်ပြခဲ့သည်။
သို့သော် ယခုအခါ အန်ဆယ်လော့တီက ၎င်းအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဆိုသည့် သတင်းများမှာ မဟုတ်ကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီသည် ၂၀၂၃ ဒီဇင်ဘာတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီတွင် အင်တာကွန်တီနင်တယ်ဖလား ရယူပြီးနောက် ဖလား(၁၅)လုံးဖြင့် အသင်းသမိုင်းတွင် ဖလားအများဆုံးရနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဇန်နဝါရီ (၂၁) ရက်က ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံမှုတွင် အန်ဆယ်လော့တီက ယခုရာသီကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်လမ်းခွဲမည်ဆိုသည့်သတင်းများကို ပြက်ရယ်ပြုခဲ့သည်။
အန်ဆယ်လော့တီက ''ကျွန်တော် ရှင်းရှင်းပဲ ပြောချင်တယ်။ ဒီအသင်းကနေ ကျွန်တော် ထွက်ခွာမယ့်နေ့ရက်နဲ့ပတ်သက်လို့ ကျွန်တော့်ဘဝမှာ ဘယ်တော့မှာ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တစ်နေ့နေ့မှာ လမ်းခွဲရမယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒီနေ့ကို ကျွန်တော် ဆုံးဖြတ်မှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် အန်ဆယ်လော့တီက အသင်းဥက္ကဋ္ဌ ပီရက်ဇ် ဆက်ရှိနေခြင်းကြောင့် မိမိအနေဖြင့်လည်း ရီးယဲလ်မက်ဒရစ်ကို နောက် (၅)နှစ်ကြာကိုင်တွယ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းက ''ရီးယဲလ်နည်းပြရာထူးကနေ မနက်ဖြန်ထွက်သွားနိုင်သလို၊ (၁)နှစ် ဒါမှမဟုတ် (၅)နှစ် ဆက်ရှိနိုင်ပါတယ်။ ပီရက်ဇ်က ဒီမှာ နောက် (၄)နှစ်ရှိနေမှာဖြစ်ပြီး သူနဲ့ ကျွန်တော် လိုချင်တာတွေ ရှိပါတယ်။ သူနဲ့အတူ ရီးယဲလ်ကို နှုတ်ဆက်နိုင်ပါတယ်''ဟု ဆိုခဲ့သည်။