Eleven Media Group

ကလပ်ဘရုဂေးအသင်းနှင့် ဂိုးမရှိသရေကျခဲ့ခြင်းအတွက် အသင်းတိုက်စစ်ကစားသမားများကို ဂျူဗင်တပ်စ်နည်းပြ မော့တာ အပြစ်တင်

Photo: X

ဂျူဗင်တပ်စ်နည်းပြ မော့တာက ကလပ်ဘရုဂေးအသင်းနှင့် ဂိုးမရှိသရေကျခဲ့ခြင်းအတွက် အသင်းတိုက်စစ်ကစားသမားများကို အပြစ်တင်ခဲ့ပြီး အသင်းတိုက်စစ်ပိုင်းမှာ အခုထက်ပိုမိုတိုးတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ဇန်နဝါရီ (၂၁)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ်တွင် ဘယ်လ်ဂျီယံကလပ် ဘရုဂေးအသင်းကို အဝေးကွင်းတွင် တစ်ဂိုးမျှ သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပွဲအပြီးတွင် (၀-၀)ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် ယခုရာသီ ပြိုင်ပွဲစုံ(၁၆) ပွဲမြောက် သရေပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် အဆိုပါပွဲစဉ်တွင် ကလပ်ဘရုဂေးကို ဖိကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းခွင့်(၅)ကြိမ်သာ ရရှိခဲ့ပြီး ယင်းထဲတွင် (၁) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် အဆိုပါပွဲအပြီးတွင် ဂျူဗင်တပ်စ်နည်းပြ မော့တာက ''အသင်းတိုက်စစ်မှာ အမ်ဘန်ဂူလာ၊ တီမိုသီဝီယာ၊ နီကိုဂွန်ဇာလက်ဇ်တို့ကို ပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းမှာ ဗလာဟိုဗစ်၊ ယယ်လ်ဒစ်နဲ့ ကွန်ဆီကာအိုတို့ကို သုံးခဲ့တာပါ။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ အခုအချိန်မှာ အသင်းတိုက်စစ်ကစားသမားတွေအနေနဲ့ အသင်းကို အခုထက်ပိုပြီး အကျိုးပြုနိုင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group