Eleven Media Group

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ရန် ဆီမြွန်နီ ရည်မှန်း

Photo: Atletico Madrid

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် ဇန်နဝါရီ (၂၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ်၌ လေဗာကူဆင်ကို အိမ်ကွင်းတွင် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
အက်သလက်တီကိုအသင်းသည် ယခုရာသီချန်ပီယံလိဂ် League Phase ပွဲစဉ် (၇) အပြီးတွင် ရမှတ် (၁၃) မှတ် ရရှိထားပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ရန်အတွက် အနည်းဆုံး Play-offs ကစားခွင့်ရရန် သေချာသွားခဲ့ပြီ ဖြစ်သည်။
လေဗာကူဆင်နှင့်ပွဲအပြီးတွင် ယခုရာသီ အက်သလက်တီကိုအသင်း၏ ချန်ပီယံလိဂ်မျှော်လင့်ချက်ကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ဆီမြွန်နီက ''ဒီပြိုင်ပွဲမှာ အသင်းတိုင်း ယှဉ်ပြိုင်ကစားချင်ကြပြီး ဗိုလ်လုပွဲကို ရောက်ချင်ကြပါတယ်''ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် ၂၀၁၃-၁၄ နှင့် ၂၀၁၅-၁၆ တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၂)ကြိမ်တက်ဖူးပြီး နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group