Eleven Media Group

လက်ဝှေ့အားကစားလောကမှ အနားယူပါက ဘောလုံးကစားဖြစ်မည်ဟု အူဆစ် ဖွင့်ဟ

Photo: X

WBA(Super)၊ WBC ၊ WBO ဟဲဗီးဝိတ်တန်းချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆစ်က လက်ဝှေ့အားကစားလောကမှ အနားယူပါက ဘောလုံးကစားဖြစ်မည်ဟု ပြောကြားခဲ့သည်။
အသက် (၃၈) နှစ်ရှိပြီဖြစ်သူ အူဆစ်သည် ဒီဇင်ဘာလအတွင်း ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီ နှင့်ထိုးသတ်သည့် မကျေပွဲတွင် အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ ချန်ပီယံခါးပတ်သုံးခု ကာကွယ်နိုင်ခဲ့သည်။
The Ring Podcast အစီအစဉ်တွင် လက်ဝှေ့လောကမှ အနားယူဖြစ်ပါက အနာဂတ်အစီအစဉ်ကို အူဆစ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
'' ဘောလုံးသမားတစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ပါ။ ကျွန်တော်က ယူကရိန်းကလပ် ပိုလစ်ဆာအသင်းနဲ့ စာချုပ်ရှိပါတယ်။ ပိုလစ်ဆာအသင်းက အဆင့်အမြင့်ဆုံးလိဂ် (ယူကရိန်းပရီးမီးယားလိဂ်) မှာ ကစားနေတာပါ။ အဲဒါက ယူကရိန်းအသင်းပါ။ ကျွန်တော်တို့က အခုထိပ်ဆုံးနေရာမှာ ရှိနေတာပါ။ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို သိတယ်မဟုတ်လား။ ဒီနေ့ ပိုလစ်ဆာအသင်းက သူတို့ကို အနိုင်ရခဲ့ပါတယ်။ ကျွန်တော်က ဒိုင်နမိုကိဗ်အသင်းကို အချိန်တော်တော်ကြာအောင် အားပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဖေနဲ့အတူ ပရော်ဖက်ရှင်နယ်ကွင်းထဲကို ပထမဆုံးအကြိမ် သွားခဲ့ဖူးလို့ပါ။ သူတို့က သမိုင်းကြောင်းတွေ အများကြီးရှိတဲ့ အသင်းပါ။ ဒါပေမဲ့ ပိုလစ်ဆာက ကျွန်တော့်ကို အခွင့်အရေးပေးပြီး စာချုပ်ချုပ်ခဲ့တယ်။ အနာဂတ်မှာ ဒိုင်နမိုအသင်းကို ကျွန်တော် တစ်ဂိုးသွင်းယူမှာပါ'' ဟု အူဆစ်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group