Eleven Media Group

၂၀၂၃-၂၀၂၄ ရာသီ ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံးစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့ပြီး ယူရိုတစ်ဘီလီယံရရှိသည့် ပထမဆုံးကလပ်ဖြစ်လာခဲ့

Photo: Getty Images

၂၀၂၃-၂၀၂၄ ရာသီအတွက် ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံးစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုတစ်ဘီလီယံရရှိသည့် ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘဏ္ဍာရေးအစီရင်ခံစာကို ကမ္ဘာ့ထိပ်တန်း စာရင်းအင်းကုမ္ပဏီဖြစ်သည့် လန်ဒန်အခြေစိုက် Deloitte ကုမ္ပဏီက ထုတ်ပြန်ခြင်းဖြစ်ပြီး Deloitte Football Money League အစီရင်ခံစာကို ၁၉၉၆-၁၉၉၇ ရာသီမှစ၍ နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ရာသီတွင် လာလီဂါ၊ ချန်ပီယံလိဂ်နှင့် စပိန်စူပါဖလား ဆွတ်ခူးရရှိခဲ့သည့် ရီးယဲလ်အသင်းက ဝင်ငွေစုစုပေါင်း ယူရို (၁.၀၄၆) ဘီလီယံဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။
ရီးယဲလ်အသင်းသည် ကွင်းဝင်ကြေးမှ ယူရို (၂၄၈) သန်း၊ ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှ ယူရို (၃၁၆) သန်းနှင့် စီးပွားရေးစာချုပ်များမှ ယူရို (၄၈၂) သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းအနေဖြင့် ယခုစာရင်း၏ ထိပ်ဆုံးနေရာတွင် နှစ်ရာသီဆက်တိုက်အပါအဝင် စုစုပေါင်း (၁၄) ကြိမ်မြောက် ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယနေရာတွင် မန်စီးတီးအသင်းက ယူရို (၈၃၈) သန်း၊ တတိယနေရာတွင် PSG အသင်းက ယူရို (၈၀၆) သန်းဖြင့် ယခင်နှစ်အတိုင်း ဆက်လက်ရပ်တည်ခဲ့သည်။
မန်ယူအသင်းက ယူရို (၇၇၁) သန်းဖြင့် အဆင့် (၅) မှ (၄) သို့လည်းကောင်း၊ ဘိုင်ယန်မြူးနစ်အသင်းက ယူရို (၇၆၅) သန်းဖြင့် အဆင့် (၆) မှ (၅) သို့ လည်းကောင်း တက်ရောက်လာပြီး ဘာစီလိုနာအသင်းမှာမူ ယူရို (၇၆၀) သန်းဖြင့် ယခင်အဆင့် (၄) မှ (၆) သို့ ကျဆင်းသွားသည်။
အာဆင်နယ်အသင်းက ယူရို (၇၁၇) သန်းဖြင့် အဆင့် (၁၀) မှ (၇) သို့ တက်ရောက်လာနိုင်ပြီး လီဗာပူးလ်အသင်းမှာ ယူရို (၇၁၅) သန်းဖြင့် အဆင့် (၇) မှ (၈) သို့လည်းကောင်း၊ စပါးအသင်းမှာ ယူရို (၆၁၅) သန်းဖြင့် အဆင့် (၈) မှ (၉) သို့ လည်းကောင်း၊ ချယ်လ်ဆီးအသင်းမှာ ယူရို (၅၄၆) သန်းဖြင့် အဆင့် (၉) မှ (၁၀) သို့လည်းကောင်း ကျဆင်းသွားသည်။
ထိပ်ဆုံးကလပ်အသင်း (၂၀) ၏ ဝင်ငွေစုစုပေါင်းမှာ ယူရို (၁၁.၂) ဘီလီယံရှိပြီး ယခင် ၂၀၂၂-၂၀၂၃ ရာသီထက် ခြောက်ရာခိုင်နှုန်းမြင့်တက်လာကြောင်း Deloitte အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝင်ငွေအကောင်းဆုံး ထိပ်ဆုံး ၁၀ သင်း
အသင်း ဝင်ငွေ (ယူရို) +/-

ရီးယဲလ်မက်ဒရစ် ၁.၀၄၆ ဘီလီယံ =
မန်စီးတီး ၈၃၈ သန်း =
PSG ၈၀၆ သန်း =
မန်ယူ ၇၇၁ သန်း +၁
ဘိုင်ယန်မြူးနစ် ၇၆၅ သန်း +၁
ဘာစီလိုနာ ၇၆၀ သန်း -၂
အာဆင်နယ် ၇၁၇ သန်း +၃
လီဗာပူးလ် ၇၁၅ သန်း -၁
စပါး ၆၁၅ သန်း -၁
ချယ်လ်ဆီး ၅၄၆ သန်း -၁

မူရင်းသတင်း — Eleven Media Group