
လူငယ်နောက်ခံလူ ဂျူမာဘား၏ စာချုပ်ဖျက်သိမ်းပေးရန် တောင်းဆိုမှုနောက်ကွယ်တွင် မန်စီးတီးအသင်းပါဝင်နေကြောင်း ဗယ်လာဒိုလစ်အသင်းက စွပ်စွဲထုတ်ပြန်ခဲ့သည်။
အသက် (၁၈) နှစ်အရွယ် ဆီယာရာလီယွန်ခံစစ်အတွင်းလူ ဂျူမာဘားနှင့် ၎င်း၏ အေးဂျင့်ဖြစ်သူက ဗယ်လာဒိုလစ်အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း၊ စာချုပ်လျော်ကြေး ပေးချေ၍ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဇန်နဝါရီ (၂၁) ရက်တွင် ကြေညာခဲ့သည်။
၎င်းသည် ဇန်နဝါရီ (၂၂) ရက်မှစ၍ လေ့ကျင့်မှုအစီအစဉ်သို့ လာရောက်ခြင်းမရှိသလို စာချုပ်လျော်ကြေးအတွက် လိုအပ်သည့် ပမာဏကို ပေးချေပြီးဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။
သို့ဖြစ်ရာ ဗယ်လာဒိုလစ်အသင်းက ကစားသမား၏ ဆုံးဖြတ်ချက်နောက်ကွယ်တွင် မန်စီးတီးအသင်းရှိနေသည်ဟု ယူဆရကြောင်းနှင့် ယင်းကဲ့သို့လုပ်ဆောင်ရန် အကြံပေးခဲ့ဖွယ်ရှိကြောင်း၊ စာချုပ်စည်းကမ်းလိုက်နာရန် ပျက်ကွက်သည့် ကစားသမားကို အရေးယူမည်ဖြစ်ပြီး အသင်းအကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။