
မန်စီးတီးကစားသမားသစ် အိုမာမာမွတ်ရှ်က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ဖရန့်ဖတ်အသင်း တိုက်စစ်ကစားသမား အိုမာမာမွတ်ရှ်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီ (၂၃)ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
အသက် (၂၅) နှစ်ရှိပြီဖြစ်သူ အီဂျစ်လက်ရွေးစင်ကစားသမား မာမွတ်ရှ်သည် မန်စီးတီးအသင်းနှင့် ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသည့် လေးနှစ်ခွဲစာချုပ် ချုပ်ဆိုထားပြီး အထောင်တိုက်စစ်နေရာအပြင် နံပါတ် (၁၀) နှင့် တောင်ပံတိုက်စစ်နေရာတွင်ပါ ကစားနိုင်သူဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် ၎င်းအတွက် ကနဦးပြောင်းရွှေ့ ကြေး ပေါင် (၅၉) သန်း (ယူရိုသန်း ၇၀) ပေးချေခဲ့ရပြီး Add-ons များပါဝင်လျှင် ယူရိုလေးသန်းထပ်တိုးလာနိုင်ကြောင်း သိရသည်။
"မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကမ္ဘာ့အင်အားအကြီးဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒါက မေးခွန်းထုတ်စရာမရှိပါဘူး။ မန်ချက်စတာစီးတီးကို ကိုယ်စားပြုခွင့်ရလို့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အဲဒါက သူတို့ကိုရော ကျွန်တော့်ကိုပါ ပျော်ရွှင်စေပါတယ်။ ကျွန်တော့် အိပ်မက်တွေ တကယ်ဖြစ်လာလို့ ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီက အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အခုမှ အစပဲရှိပါသေးတယ်"ဟု မာမွတ်ရှ်က ပြောကြားသည်။
၎င်းသည် မန်စီးတီးအသင်း၌ ကန်ဆယ်လို၊ စတာလင်၊ မီလ်နာ၊ ဖောင်လာတို့ ဝတ်ဆင်ခဲ့ဖူးသည့် နံပါတ် (၇) ဝတ်ဆင်ကစားမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ၎င်း မတိုင်မီ လန်းစ်အသင်းနောက်ခံလူ ခူဆာနော့ဗ်ကို ပေါင် (၃၄) သန်း၊ ပါးလ်မီးရပ်စ်အသင်းနောက်ခံလူ ဗစ်တာရီးစ်ကို ပေါင်သန်း (၃၀) ဖြင့် ခေါ်ယူထားပြီးဖြစ်သည်။