Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အေစီမီလန် - ပါးမား (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၆:၀၀ နာရီ)
နည်းပြသစ် ကွန်ဆေးဆာအိုရဲ့ လက်ထက်မှာ အေစီမီလန်ကို ပိုကောင်းလာတယ်လို့ဆိုရပေမဲ့ လိဂ်ပြိုင်ပွဲရလဒ်ပိုင်းကို ကြည့်ရင်တော့ အားရစရာမရှိသေးဘူး။ ဒါပေမဲ့ နိုင်ပွဲဆာလောင်တဲ့ ပုံစံကိုတော့ တွေ့လာရတယ်။ ပါးမားက အဝေးကွင်းပွဲတွေမှာ အင်တာမီလန်၊ ရိုးမား စတဲ့အသင်းတွေကို ဂိုးပြတ်ရှုံးထား တဲ့အသင်းပါ။ အိမ်ကွင်းမှာ အေစီမီလန်အသင်း ဂိုးပြတ်ပေါက်ကွဲလိမ့်မယ်။


အူဒီးနီးစ် - ရိုးမား (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၈:၃၀ နာရီ)
အူးဒီးနီးစ်က ရိုးမားနဲ့တွေ့ဆုံတဲ့ပွဲတွေဆို ရုန်းကန်ရလေ့ရှိပြီး နောက်ဆုံးတွေ့ဆုံတဲ့ (၄)ပွဲဆက် ရှုံးထားတယ်။ လက်ရှိအချိန်မှာလည်း ရိုးမားက ကစားပုံတိုးတက်လာပြီး တိုက်စစ်မှူး ဒေါ့ဗ်ဘိခ်လည်း ဂိုးပေါက်တွေ့နေတယ်။ ရိုးမား အဝေးကွင်း နိုင်ပွဲပြန်ရမယ်။


လက်ချီ - အင်တာမီလန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၁၁:၃၀ နာရီ)
လက်ချီက ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေတိုင်း ရုန်းကန်ရလေ့ရှိပြီး သူတို့ရဲ့ စီးရီးအေအိမ်ကွင်းနောက်ဆုံး (၅)ပွဲကိုကြည့်ရင်လည်း တစ်ပွဲပဲ နိုင်ခဲ့တယ်။ အင်တာမီလန်ကတော့ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ပွဲတိုင်းကို အားစိုက်ကစားနေတယ်။ ဘိုလော့ဂ်နာနဲ့ သရေကျတဲ့ပွဲကလွဲလို့ နိုင်သင့်တဲ့ပွဲတိုင်း အနိုင်ကစားခဲ့တယ်။ အဝေးကွင်းဖြစ်ပေမဲ့ အင်တာမီလန် အနိုင်သေချာတယ်။ (ဝ-၂)လောက်ဖြစ်နိုင်တယ်။


လာဇီယို - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၇ ရက် နံနက် ၂:၁၅ နာရီ)
လာဇီယိုက စီးရီးအေအိမ်ကွင်း (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ကွင်းတွင်းခြေစွမ်းပိုင်းက အဆိုးရွားကြီးမဟုတ်ဘူး။ နောက်ဆုံးကစားတဲ့ ဗီရိုနာနဲ့ပွဲမှာ လာဇီယိုအသင်းနိုင်ပွဲပြန်တွေ့ခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၄)နေရာမှာ ဆက်လက်ရပ်တည်ခဲ့တယ်။ ဖီအိုရင်တီးနားကတော့ ရာသီအစကလို မဟုတ်တော့ ပါဘူး။ နောက်ဆုံးကစားတဲ့ တိုရီနိုနဲ့ပွဲမှာဆိုရင်လည်း မိနစ်(၆၀) ဝန်းကျင်လောက် တစ်ယောက်အသာနဲ့ကစားခဲ့ရပေမဲ့ နိုင်ပွဲမရခဲ့ဘူး။ ရောမမြေမှာ လာဇီယိုအသင်း ပထမအကျော့ ရှုံးကြွေးဆပ်လိမ့်မယ်။

မူရင်းသတင်း — Eleven Media Group