
၂၀၂၅ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် နှစ်ကြိမ်ဆက်ချန်ပီယံ ဆာဘာလန်ကာနှင့် မက်ဒီဆန်ကီးတို့ တွေ့ဆုံနေကြောင်း သိရသည်။
အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဘယ်လာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ (ဆီဒင် ၁) က စပိန်တင်းနစ်မယ် ဘာဒိုဆာ (ဆီဒင် ၁၁) ကို ၆-၄၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်၊ အမေရိကန်တင်းနစ်မယ် မက်ဒီဆန်ကီး (ဆီဒင် ၁၉) က ပိုလန်တင်းနစ်မယ် ရှီအွန် တက် (ဆီဒင် ၂) ကို နောက်မှလိုက်ကစားကာ ၅-၇၊ ၆-၁၊ ၇-၆ (၁၀-၈) ဖြင့် အနိုင်ရခဲ့သည်။
ဗိုလ်လုပွဲသို့ တက်ရောက်လာသူ နှစ်ဦးအနက် ဆာဘာလန်ကာ (၂၆ နှစ်) မှာ သြစတြေးလျ အိုးပင်းနှစ်ကြိမ် (၂၀၂၃၊ ၂၀၂၄) နှင့် ယူအက်စ် အိုးပင်းတစ်ကြိမ် (၂၀၂၄) ရရှိဖူးပြီး ဂရင်း စလင်းဗိုလ်လုပွဲသို့ ငါးကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။
မက်ဒီဆန်ကီး (၂၉ နှစ်) မှာမူ ဂရင်းစလင်းချန်ပီယံဆု တစ် ကြိမ်မှမရဖူးသလို ယခုပြိုင်ပွဲအပါအဝင် ဂရင်းစလင်းဗိုလ်လုပွဲသို့ ဒုတိယအကြိမ်တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၁၇ ယူအက်စ်အိုးပင်းနောက်ပိုင်း ရှစ်နှစ်အကြာတွင် တစ်ကျော့ပြန် တက်ရောက်ခွင့်ရထားသည်။
ဆာဘာလန်ကာအနေဖြင့် ယခုနှစ် ပြိုင်ပွဲတွင် ထပ်မံဗိုလ်စွဲပါက ဆွစ်ဇာလန်တင်းနစ်မယ် မာတီနာဟင်းဂစ် (၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉) နောက်ပိုင်း သြစတြေးလျအိုးပင်း ပြိုင်ပွဲ၌ သုံးနှစ်ဆက်ဗိုလ်စွဲသည့် ပထမဆုံး တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ် သည်။ ထို့ပြင် ဆီမီးဖိုင်နယ်တွင် ရှီအွန်တက် ရှုံးနိမ့်သွားသဖြင့် ဆာဘာလန်ကာမှာ ကမ္ဘာ့ အဆင့် ၁ နေရာ၌ ဆက်လက်ရပ်တည်ခွင့် ရခဲ့ပြီဖြစ်သည်။
ဆာဘာလန်ကာနှင့် မက်ဒီ ဆန်ကီးတို့ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်သည်။