
မန်ယူဂန္ထဝင် ဒင်းနစ်အာဝင်က လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်သည် မန်ယူနှင့် အင်္ဂလန်ဂန္ထဝင် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းကဲ့သို့ ဘောလုံးပေးပို့မှု အလွန်ကောင်းမွန်သူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်အသင်းက အသင်းငယ်မွေးခြံပေါက် ကစားသမား အာနိုးလ်အား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသလို စပိန်ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ် အသင်းကလည်း ၎င်းကို လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယခုအခါ မန်ယူဂန္ထဝင် ဒင်းနစ်အာဝင်က အာနိုးလ်သည် မော်ဒန်ခေတ်တောင်ပံနောက်ခံကစားသမားတစ်ဦး၏ အရည်အချင်းနှင့် ပြည့်စုံသူဖြစ်ပြီး ၎င်း၏ မန်ယူအသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းကဲ့သို့ ဘောလုံးပေးပို့မှု အလွန်ကောင်းမွန်သူဖြစ်ကြောင်း ချီး ကျူးခဲ့ခြင်းဖြစ်သည်။
Stick Football Podcast တွင် ဒင်းနစ်အာဝင်က လီဗာပူးလ်ညာနောက်ခံကစားသမား အာနိုးလ်ကို ယင်းကဲ့သို့ ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။ "အာနိုးလ်က ဘောလုံးပေးပို့မှုအပိုင်းမှာ ဒေးဗစ်ဘက်ခမ်းလိုပါပဲ။ ပြီးတော့ မော်ဒန်တောင်ပံနောက်ခံကစား သမားတစ်ဦးအနေနဲ့လည်း အာနိုးလ်ဟာ ထိပ်တန်းကစားသမားတစ်ဦးဆိုတာကို မြင်နိုင်ပါတယ်။ အာနိုးလ်အနေနဲ့ ခံစစ်ကစားတဲ့အခါ အားနည်းတယ်ဆိုပြီး မေးခွန်းထုတ်ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ မော်ဒန်ခေတ်မှာ တောင်ပံနောက်ခံကစားသမားတွေအနေနဲ့ အဲဒီလို မေးခွန်းထုတ်ခံရတာက အဆန်းမဟုတ်ပါဘူး။ အာနိုးလ်အနေနဲ့ ခံစစ်ပိုင်းတိုးတက်အောင် သင်ယူနိုင်ရင် အခုထက် ပိုကောင်းလာဦးမှာပါ။ ဒါပေမဲ့ တိုက်စစ်ကိုလိုက်တဲ့အပိုင်းမှာတော့ အာနိုးလ်က အရမ်းကောင်းပါတယ်။ သူက ဘောလုံးကိုကောင်း ကောင်းကိုင်ကစားနိုင်သူလည်း ဖြစ်ပါတယ်" ဟု ဒင်းနစ်အာဝင်က ပြောကြားခဲ့သည်။
ထို့ပြင် ဒင်းနစ်အာဝင်က ဝေါ်လ်ကာ၊ အန်ဒီရောဘတ်ဆန်နှင့် အန်တိုနီရောဘတ်ဆန်တို့ကိုလည်း ချီးကျူးပြောကြားခဲ့သည်။ ဒင်းနစ်အာဝင်က "အာနိုးလ်က တိုက်စစ်ကစားရတာကိုကြိုက်သလို တိုက်စစ်ကစားတာလည်း ကောင်းပါတယ်။ ပရီးမီးယားလိဂ်ကို မန်စီးတီးလွှမ်းမိုးတဲ့ခေတ်မှာ ဝေါ်လ်ကာကလည်း အရမ်းကို ကောင်းခဲ့တာပါ။ အန်ဒီရောဘတ်ဆန်က လိမ္မာပါးနပ်သူဖြစ်ပြီး လီဗာပူးလ်အသင်းမှာ သူ့ရဲ့ထိပ်တန်းခြေစွမ်းကို နှစ်ပေါင်းများစွာ ပြသနိုင်ခဲ့တာပါ။ ဖူလ်ဟမ် က အန်တိုနီရောဘတ်ဆန်ကလည်း အရမ်းကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။
အာနိုးလ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု ၆၃ ကြိမ်အထိ ပြုလုပ်ထားပြီး ပြိုင်ပွဲသမိုင်းတွင် ဂိုးဖန်တီးမှုအများဆုံး နောက်ခံလူအဖြစ် ရပ်တည်နေသည်။