
ဒဏ်ရာပြဿနာများရင်ဆိုင်နေရသည့် စပါးအသင်းအတွက် ထိုးနှက်ချက်အဖြစ် တိုက်စစ်မှူး ဆိုလန်ကီမှာ ဒူးဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ဆိုလန်ကီ (၂၇ နှစ်) သည် ပြီးခဲ့သည့် တစ်ပတ် လေ့ကျင့်မှုအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲ၊ ဟော်ဖန်ဟင်မ်အသင်းနှင့် ယူရိုပါလိဂ်ပွဲတို့ကို လွဲချော်ခဲ့သည်။ ၎င်းအနေဖြင့် ဒဏ်ရာကို ခွဲစိတ်ကုသရန်မလိုသော်လည်း ခြောက်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ပိုစတီကိုဂလူးက အတည်ပြုပြောကြားခဲ့သည်။
"ဒွန် (ဆိုလန်ကီ) နဲ့အတူ အခုရရှိထားတဲ့ အချက်အလက်က ကျွန်တော်တို့ ခြောက်ပတ်ဝန်းကျင် အနားယူရမှာပါ။ ခွဲစိတ်စရာမလိုပါဘူး။ သူ့ကို ဒီထက်နည်းနည်းစောပြီး ပြန်ရနိုင်ပါတယ်။ သူ့ရဲ့အခြေအနေ ဘယ်လောက်တိုးတက်မှုရှိမလဲဆိုတာ ကြည့်ရမှာပါ။ ဒါပေမဲ့ ဒီအဆင့်မှာတော့ ခြောက်ပတ်ဝန်းကျင်လို့ပဲ ပြောရမှာပါ" ဟု ၎င်းက ဆိုသည်။
စပါးအသင်းတွင် ဗီကာရီယို၊ အူဒိုဂီ၊ ဂျွန်ဆင်၊ ဗာနာ၊ ဗန်ဒီဗန်၊ ရိုမဲရိုး၊ ပါပီဆား၊ ဘစ်ဆူးမား၊ အော့ဒိုဘက် စသည့်ကစားသမားများမှာလည်း ဒဏ်ရာပြဿနာကြောင့် အနားယူနေရသဖြင့် ဆိုလန်ကီ၏ ဒဏ်ရာသတင်းမှာ ထိုးနှက်ချက်ဖြစ်စေခဲ့သည်။ စပါး အသင်းသည် ရာသီအစတွင် ရလဒ်ပိုင်းမဆိုးသော်လည်း နိုဝင်ဘာမှစတင်ကာ ရုန်းကန်နေရသည်။
ပရီးမီးယားလိဂ်၌ ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို နောက်ဆုံး ၁၀ ပွဲတွင် တစ်ပွဲသာ အနိုင်ရထားသဖြင့် ပိုစတီကိုဂလူး၏အနာဂတ်မှာလည်း မရေမရာဖြစ်လျက်ရှိသည်။