Eleven Media Group

ရူဒီဂါစီယာကို ဘယ်လ်ဂျီယံနည်းပြသစ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဟာဇက် တာဝန်ယူမည်

Photo: SuperSport

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်သည် တယ်ဒယ်စကိုအား ထုတ်ပယ်ပြီးနောက် လစ်လပ်နေသည့် နည်းပြနေရာအတွက် ပြင်သစ်နည်းပြ ရူဒီဂါစီယာကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ ခန့်အပ်ခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်း ဟာဇက်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘယ်လ်ဂျီယံအသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ရလဒ်မကောင်းဘဲ ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရသလို UEFA Nations League ပြိုင်ပွဲတွင်လည်း အုပ်စုတတိယသာရရှိသဖြင့် တန်းဆင်း Play-offs ကစားရတော့မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ခန့်အပ်ခဲ့သည့် အီတလီ-ဂျာမနီနွယ်ဖွားနည်းပြ တယ်ဒယ်စကိုအား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်သွားသည့် ၎င်း၏နေရာတွင် ၀ါရင့်နည်းပြဖြစ်သူ ဂါစီယာ (၆၀ နှစ်) ကို အစားထိုးခန့်အပ်ကြောင်း ဇန်နဝါရီ ၂၄ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။ ဂါစီယာသည် စိန့်အက်တီယန်၊ ဒီယွန်း၊ လီမန်းစ်၊ လိုင်လီ၊ ရိုးမား၊ မာဆေးလ်၊ လိုင်ယွန်၊ အယ်လ်နာဆာ၊ နာပိုလီ စသည့်ကလပ်များကို ကိုင်တွယ်ဖူးသူဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းမှာ ၎င်းအတွက် ပထမဆုံး နိုင်ငံလက်ရွေးစင်အသင်း အတွေ့အကြုံလည်းဖြစ်သည်။

ဘယ်လ်ဂျီယံအသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ဂါစီယာက အသင်းခေါင်းဆောင်ဟောင်း ဟာဇက်ကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းနှင့် ဟာဇက်သည် လိုင်လီအသင်း၌ အတူလက်တွဲဖူးပြီး ယခု ပြန်လည်တွေ့ဆုံရမည်ဖြစ်သည်။

"ကျွန်တော် အီဒင်နဲ့ စကားတွေအများကြီး ပြောဖြစ်ပါတယ်။ သူက ၂၀၂၆ ကမ္ဘာ့ဖလားအတွက် စွန့်စားမှုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာမှာပါ။ သူက ကျွန်တော်တို့ကို နည်းနည်းကူညီပေးပါလိမ့်မယ်" ဟု ဂါစီယာက ဆိုသည်။ ထို့ပြင် နည်းပြဟောင်း တယ်ဒယ်စကို နှင့် ပြဿနာဖြစ်ပွားပြီးနောက် လက်ရွေးစင် အသင်းနှင့်ဝေးကွာနေသည့် ဂိုးသမား ကော်တိုအာကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဆီမှာ ဂိုးသမားကောင်းတွေ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ သီဘော့ (ကော်တိုအာ) က ကမ္ဘာ့ အကောင်းဆုံးဂိုးသမားပါ။ သူ့ကိုရွေးချယ်လို့ရရင် ကောင်းမှာပါ။ အပြုသဘောဆောင်တဲ့ အချက်ပြမှုတွေရှိပါတယ်" ဟု ဂါစီယာက ပြောကြားခဲ့သည်။

ဂါစီယာအနေဖြင့် ဘယ်ဂျီယံနည်းပြဘဝ ပထမဆုံးပွဲအဖြစ် မတ်လအတွင်း ယူကရိန်းအသင်းနှင့် UEFA Nations League တန်းဆင်း Play-offs နှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (J) တွင် ဝေးလ်စ်၊ မြောက်မက်ဆီဒိုးနီးယား၊ ကာဇက်စတန်၊ လက်ချင်စတိန်းတို့နှင့် ကျရောက်နေသည်။

မူရင်းသတင်း — Eleven Media Group