
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပထဆုံးပွဲထွက်ကစားရသည့် ချယ်လ်ဆီးအသင်းနှင့်ပွဲ၌ အမှားများကျူးလွန်ခဲ့သည့် လူငယ်နောက်ခံလူ ခူဆာနော့ဗ်အနေဖြင့် အမှားများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) တွင် ချယ်လ်ဆီးအသင်းအား နောက်မှလိုက်ကစားရသော်လည်း အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ဒီယက်စ်နှင့် အကီတို့ မပါဝင်နိုင်သလို ဂျွန် စတုန်းစ်မှာလည်း အရန်အဖြစ်သာ ပါဝင်နိုင်သောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းကမှ ခေါ်ယူထားသည့် ဥဇဘက်ကစ္စတန် လူငယ်နောက်ခံလူ ခူဆာနော့ဗ် (၂၀ နှစ်) ကို အကန်ဂျီနှင့် တွဲဖက်ကစားစေခဲ့သည်။
ပွဲအစ သုံးမိနစ်မှာပင် ခူဆာနော့ဗ်၏ နောက်ပြန်ပေးပို့မှုအမှားမှတစ်ဆင့် ဂျက်ဆန်က ရယူကာ မာဒူအေကေ၏ ဦးဆောင်ဂိုးသွင်းယူမှုခံခဲ့ရသည်။ တစ်မိနစ်အကြာမှာပင် ပါလ်မာကို တားဆီးရာမှ ခူဆာနော့ဗ် အဝါကတ်ပြခံခဲ့ရပြီး ဒုတိယပိုင်း ၅၄ မိနစ်တွင် ဂျွန်စတုန်းစ်နှင့် လူစားလဲခဲ့ရသည်။
ပွဲဦးထွက်မှာပင် အမှားများကျူးလွန်ခဲ့သည့် ခူဆာနော့ဗ်နှင့်ပတ်သက်၍ ဂွါဒီယိုလာ က "ဒါက အကောင်းဆုံးစတင်မှုမဟုတ်ဘူးလို့ ကျွန်တော်တွေးမိပါတယ်။ ဟုတ်တယ်မလား။ ဒါကို သူသင်ခန်းစာယူရပါမယ်။ သူက အရမ်းငယ်သေးတယ်။ နောက်ထပ် နှစ်တွေအများကြီး ကစားရဦးမှာပါ။ ဒါက အကောင်းဆုံးစတင်မှုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျက်ဆန်၊ ကိုးလ် (ပါလ်မာ) တို့လို မယုံနိုင်စရာကစားသမားတွေကို ထိန်းချုပ်ရတာ မလွယ်ပါဘူး။ သူသင်ယူပါလိမ့်မယ်။ သူက ငယ်သေးတယ်။ သူသင်ယူမှုလုပ်မယ် ဆိုတာ သေချာပါတယ်။ အဲဒီကနေ သင်ခန်းစာယူပါ။ သူနဲ့စကားပြောဖို့ ရုရှား ဒါမှမဟုတ် ဥဇဘက်ဘာသာစကားကို ကျွန်တော်သင်ရလိမ့်မယ်။ သူက အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ဘူး။ ဒီအခြေအနေမျိုးမှာ အများကြီးပြောစရာမရှိပါဘူး။ အမှားလုပ်မိတယ်ဆိုတာကို သူသိပါတယ်။ ကျွန်တော် ဘာပြောရမလဲ။ အမှားမလုပ်နဲ့လို့ ပြောရမှာလား။ အဲဒီလို သူမလုပ်ချင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်လူစားလဲတာက အမှားလုပ်လို့မဟုတ်ဘဲ အဝါကတ်ကြောင့်ပါ။ ဗုဒ္ဓဟူးနေ့ (ချန်ပီယံလိဂ်ပွဲ) အတွက် ဂျွန် (စတုန်းစ်) ကို ကျွန်တော်လိုအပ်ပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။