Eleven Media Group

အေစီမီလန်အသင်းတွင် ဝေါ်လ်ကာ နံပါတ် ၃၂ ဝတ်ဆင်မည်ဖြစ်ပြီး အသင်းဟောင်းကို နှုတ်ဆက်စကားပြောကြား

Photo: Getty Images

မန်စီးတီးအသင်းခေါင်းဆောင် ဝေါ်လ်ကာသည် အေစီမီလန်အသင်းသို့ ရာသီဝက် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး နံပါတ် ၃၂ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သူ (မေလတွင် ၃၅ နှစ်ပြည့်မည်) ဝေါ်လ်ကာသည် မန်စီးတီး အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသော်လည်း ယခုဇန်နဝါရီမှာပင် အေစီမီလန်အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ အေစီမီလန်အသင်းအနေဖြင့် အငှားစာချုပ်ပြည့်မည့် လာမည့်နွေရာသီတွင် အပြီးသတ်ခေါ်ယူနိုင်မည့်အချက်ပါဝင်ကြောင်း သိရသည်။

"များစွာသောလူတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဂျာစီတာဝန်ရှိသူတွေနဲ့ နောက်ကွယ်ကနေ မမောမပန်းအလုပ်လုပ်ပေးကြတဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးအထူးတင်ပါ တယ်။ ခင်ဗျားတို့က ကျွန်တော့်ကို နေ့ရက်တိုင်းပျော်ရွှင်စေပြီး ကျွန်တော်တို့ အကောင်း ဆုံးလုပ်နိုင်ဖို့ ပံ့ပိုးပေးခဲ့ပါတယ်။ ကျွန်တော့် အသင်းဖော်တွေကတော့ ဒီတံခါးကို ဖြတ်လျှောက်လာတဲ့အချိန်ကစပြီး ကိုယ့်ရဲ့အိမ်မှာ ရှိသလို ခံစားရစေခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အမှတ်တရတွေနဲ့ အတူမျှဝေပေးခဲ့တဲ့ အောင်မြင်မှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်သူငယ်ချင်းတင်မဟုတ်ပါဘူး။ ဘဝအတွက် မိသားစုဝင်တွေပါ။ ပက်ဂွါဒီယိုလာအတွက်ဆိုရင် ကျွန်တော့်ကို ယုံကြည်ပြီးတော့ ၂၀၁၇ မှာ ဒီနေရာကိုရောက်လာဖို့အတွက် အရမ်းကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဆုဖလား ၁၇ လုံး အတူရယူနိုင်ခဲ့တယ်။ ခင်ဗျားရဲ့ လမ်းညွှန်ပေးမှုတွေက ကျွန်တော့်ကို ဒီနေ့မှာ ကစားသမားတစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ"ဟု ဝေါ်လ်ကာက နှုတ်ဆက်စကားပြောကြားခဲ့သည်။

ဝေါ်လ်ကာသည် မန်စီးတီးအသင်းတွင် ၂၀၁၇ နွေရာသီမှ ၂၀၂၅ ဇန်နဝါရီအထိ ခုနစ်ရာသီခွဲကြာကစားခဲ့ပြီး ဆုဖလား ၁၇ လုံး ဆွတ်ခူးရယူနိုင်ခဲ့သည်။ ၎င်းသည် အေစီမီလန်အသင်း၌ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ဝတ်ဆင်ခဲ့ဖူးသည့် နံပါတ် ၃၂ ဝတ်ဆင်ရန် ရွေးချယ်ထားသည်။

မူရင်းသတင်း — Eleven Media Group