Eleven Media Group

ရီးယဲလ်အသင်းအတွက် ၎င်း၏ ပထမဆုံး ဟက်ထရစ်ကို  ဗယ်လာဒိုလစ်နှင့်ပွဲတွင် အမ်ဘာပေ သွင်းယူ

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေသည် ၎င်း၏ ပထမဆုံးဟက်ထရစ်သွင်းဂိုးကို ဗယ်လာဒိုလစ်အသင်းနှင့်ပွဲတွင် သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ် (၂၁) တွင် ရီးယဲလ်အသင်းက ဇယားအောက်ဆုံးမှ ဗယ်လာဒိုလစ်အသင်းအား အဝေးကွင်း၌ (၀-၃) ဂိုးဖြင့် အနိုင်ရပြီး ဂိုးအားလုံးကို အမ်ဘာပေက ၃၀၊ ၅၇၊ ၉၀+၁ မိနစ် (ပယ်နယ်တီ) တွင် တစ်ဦး တည်းသွင်းယူခဲ့ခြင်းဖြစ်သည်။

ယခုနွေရာသီတွင် ရောက်ရှိလာသည့် အမ်ဘာပေအနေဖြင့် ရီးယဲလ်အသင်းအတွက် ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်ခြင်းဖြစ်ပြီး လာလီဂါတွင် ၁၅ ဂိုးအပါအဝင် ပြိုင်ပွဲစုံတွင် ၂၂ ဂိုးသွင်းယူ ထားကာ အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

ရီးယဲလ်အသင်းသည် ယင်းပွဲအနိုင်ရလဒ်ကြောင့် ဒုတိယနေရာမှ အက်သလက်တီကိုအသင်းကို ပွဲတူ၊ လေးမှတ်ဖြတ်ထားနိုင်ပြီဖြစ်သည်။

အမ်ဘာပေသည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားပေးထားပြီး ၂၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group