Eleven Media Group

ဆက်ဆန်နှင့်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ထားသော်လည်း ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း စိုးလင်းဦး ပြောကြား

Photo: ONE

မြန်မာဖိုက်တာ စိုးလင်းဦးက ဇန်နဝါရီ (၂၄)ရက်က ထိုးသတ်သည့် ထိုင်းဖိုက်တာ ဆက်ဆန်နှင့်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ထားသော်လည်း ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။ စိုးလင်းဦးသည် ဆက်ဆန်အား အရေးနိမ့်သည့်ပွဲမှ လိုအပ်ချက်များ၊ အားနည်းချက်များကို ရုပ်သံရိုက်ကူးကာ ဇန်နဝါရီ (၂၆)ရက်တွင် ၎င်း၏လူမှုကွန်ရက်တွင် တင်ရှိခဲ့ခြင်းဖြစ်သည်။

စိုးလင်းဦးက "ကျွန်တော်အနေနဲ့ ဒီပွဲကို အနိုင်ရမယ်လို့ မျှော်လင့်ထားသလို ပရိသတ်အားလုံးကလည်း ဒီလိုပဲမျှော်လင့်ထားတာပါ။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်မကောင်းမိဖြစ်မိပါတယ်။ ကျွန်တော့်ကိုအားပေးနေတဲ့ ပြည်တွင်းက ပရိသတ်တွေရော နိုင်ငံခြားမှာရောက်နေတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အားလုံးမျှော်လင့်ထားတဲ့ ရလဒ် မယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲရှုံးရတာနဲ့ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။ ရှုံးလို့ပြောတာမဟုတ်သလို ဆင်ခြေပေးတာလည်း မဟုတ်ပါဘူး။ ပွဲချိန်အတွင်း ထိုးသတ်ရာမှာ ညံ့လို့ ကျွန်တော်တို့ရှုံးခဲ့တာမဟုတ်ပါဘူး။ Plan တွေ၊ အစီအစဉ်တွေ ညံ့လို့ ရှုံးသွားရတာပါ။ ပြောရမယ်ဆိုရင် မရှုံးသင့်ဘဲ ရှုံးသွားရတာဖြစ်ပါတယ်။ ပွဲမထိုးခင် တစ်ရက်အလိုမှာ ၀ိတ်ချိန်တာနဲ့ ရေဓာတ်စစ်ဆေးတာ ပြုလုပ်ရပါတယ်။ အဲဒီမတိုင်ခင် ကျွန်တော့်ရဲ့ ၀ိတ်က သတ်မှတ်ထားတဲ့ ၀ိတ်ထက် နှစ်ပေါင်တောင် လိုပါသေးတယ်။ ရေဓာတ်စစ်ဆေးဖို့အတွက် ရေတစ်ဘူးလောက် သောက်လိုက်ရင် အဆင်ပြေပေမယ့် စီစဉ်တဲ့သူတွေက အများကြီးသောက်ရမယ်ဆိုလို့ (၅)ဘူးလောက် သောက်လိုက်တာ အားလုံးအဆင်မပြေဖြစ်သွားပါတယ်။ အဲ့ဒါကြောင့် ၀ိတ်ရော ရေဓာတ်စစ်ဆေးတာပါ အဆင်ပြေအောင် ပြန်လုပ်ရတဲ့အတွက် လူက ပင်ပန်းသွားသလို အားလည်းကုန်သွားပါတယ်။ ညီလေးသန့်ဇင်ဆိုလည်း ပိုသနားဖို့ကောင်းပါတယ်။ သူလည်း ၀ိတ်ရော ရေဓာတ်ရော အဆင်ပြေအောင်လိုက်လုပ်ရတာ တော်တော်ပင်ပန်းပါတယ်။ သန့်ဇင်ရဲ့ ပြိုင်ဘက် ဆူရီရန်လက်ခ်ဆိုရင် အပင်ပန်းမခံတော့ပါဘူး။ ၀ိတ်ရော ရေဓာတ်ပါ အဆင်မပြေတဲ့အတွက် ပြိုင်ဘက်နဲ့ညှိပြီး ထိုးကြေးခွဲပေးမယ့်နည်းလမ်းကိုပဲ ရွေးသွားတာပါ။ သန့်ဇင် မပြောနဲ့ ကျွန်တော့်လို သမ္ဘာရှိတဲ့သူတောင် ပွဲမှာ ပထမအချီပြီးကတည်းက အားကုန်သွားပါပြီ။ ကျွန်တော်တို့အတွက် အတွေ့အကြုံသစ်တွေပါ။ နောက်ပွဲတွေမှာ ဒါမျိုးတွေမဖြစ်အောင် ပြင်ဆင်ရမှာပါ။ ကျွန်တော်က ကားအက်ဆီးဒင့်ဖြစ်ထားလို့ ကြံ့ခိုင်မှုမပြည့်ဝဘူးဆိုတာ မဟုတ်ပါဘူး။ အဲဒါဖြစ်ပြီးမှ ပြင်ဆင်ချိန်(၂) လနီးပါးရှိပါတယ်။ ဒါနဲ့ မဆိုင်ပါဘူး။ ရေသောက်တာများသွားတာနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်က ONE နဲ့ရထားတဲ့ စာချုပ်က နောက်ပွဲတွေ ထပ်ထိုးရဦးမှာပါ။ နောက်ပွဲတွေမှာ အနိုင်ရရှိအောင် အကောင်းဆုံးပြင်ဆင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

စိုးလင်းဦးသည် ONE-170 ပြိုင်ပွဲတွင် ထိုင်းဝါရင့် ဖိုက်တာ ဆက်ဆန်နှင့် ထိုးသတ်ရာ (၃)ချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ စိုးလင်းဦးသည် ONE နှင့် လက်တွဲ အပြီး (၅)ပွဲမြောက်ထိုးသတ်ရာတွင် (၃)ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

စိုးလင်းဦးသည် ပထမ (၃)ပွဲဆက်တိုက် အလဲထိုးအနိုင်ရပြီး ONE နှင့် ဒေါ်လာတစ်သိန်းတန် စာချုပ်ရရှိခဲ့သော်လည်း ယင်းစာချုပ်ရရှိအပြီး ထိုးသတ်သည့် နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။

မူရင်းသတင်း — Eleven Media Group