
မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ရုတ်တရက်လမ်းခွဲခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ဖူဆယ်နည်းပြ ဘန်လက်ချာယိုဝန် သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် နည်းပြအဖြစ် တာဝန်ယူခဲ့သည့် (၄) နှစ်ဝန်းကျင်ကာလအတွင်း လက်ရွေးစင်ဖူဆယ် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ဆုံးအဖြစ် ဇန်နဝါရီ (၁၅) ရက် မှ (၁၉) ရက်အထိ ယှဉ်ပြိုင်ကစားသော ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို ကိုင်တွယ်ခဲ့သည်။
ဘန်လက်ချာယိုဝန်သည် ယင်းခြေစစ်ပွဲအပြီး ရက်ပိုင်းအကြာမှာပင် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘန်လက်ချာယိုဝန်နှင့် လမ်းခွဲသည့်သတင်းကို ဇန်နဝါရီ(၂၆) ရက်အထိ တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ ဘန်လက်ချာယိုဝန်သည် MFF နှင့် လမ်းခွဲသည့်သတင်းကို ၎င်း၏လူမှုကွန် ရက်မှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်ပြီး "မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေခြင်းကို ရပ်တန့်လိုက်ပါပြီ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ စာချုပ်သက်တမ်းရှိပေမယ့် ညှိနှိုင်းမှုအဆင်မပြေတဲ့အတွက် စာချုပ် ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။ (၄)နှစ်တာ အချိန်ကာလတစ်လျှောက် မြန်မာအသင်းအတွက် လုပ်ဆောင်ခဲ့ရတာတွေကို ကျေးဇူးတင်စွာနဲ့ သတိရနေမှာပါ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကာလတစ်လျှောက် အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ရေးသားထားသည်။
ဘန်လက်ချာယိုဝန်သည် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် နောက်ဆုံးသက်တမ်းတိုးခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ ကိုင်တွယ်ရမည်ဖြစ်သော်လည်း တစ်နှစ်ဝန်းကျင် အလိုတွင် ရုတ်တရက်လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဘန်လက်ချာယိုဝန်သည် MFF နှင့် လက်တွဲစဉ်ကာလအတွင်း လက်ရွေးစင်အသင်းများနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့သည့်အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက စီစဉ်ဖွင့်လှစ်သည့် ဖူဆယ်နည်းပြသင်တန်းများတွင်လည်း သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။
ဘန်လက်ချာယိုဝန်သည် မြန်မာနိုင်ငံတွင် နည်းပြအဖြစ် ဆောင်ရွက်နေသည့်ကာလအတွင်း အောင်မြင်မှု ကြီးကြီးမားမား ရယူနိုင်ခြင်းမရှိသော်လည်း လက်ရွေးစင် အမျိုးသားအသင်းကို ၂၀၂၄ အာရှဖလား အမျိုးသမီးဖူ ဆယ်ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဘန်လက်ချာယိုဝန်သည် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းကို တာဝန်ယူခဲ့သည့် နိုင်ငံခြားသားနည်းပြများတွင် သက်တမ်းအရှည်ဆုံးနည်းပြတစ်ဦးဖြစ်ပြီး တစ်ချိန်တည်းမှာပင် လက်ရွေးစင်အမျိုးသား အသင်းနှင့် အမျိုးသမီးအသင်းကို တပြိုင်တည်း တာဝန်ယူရသည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဘန် လက်ချာယိုဝန်နှင့် လမ်းခွဲသည့်သတင်းကို ထုတ်ပြန်ခြင်း မရှိသေးသည်အပြင် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲအပေါ် မူတည်၍ နည်းပြသစ်ခန့်အပ်မည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ သတ်မှတ်ချက်အရ ယခုနှစ်မှ စတင်ကာ လက်ရွေးစင်ဖူဆယ်အသင်းများကို ကိုင်တွယ်မည့် နည်းပြချုပ်များအနေဖြင့် AFC Level-3 နည်းပြ လိုင်စင် ရှိရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် MFF အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း နည်းပြသစ် ခန့်အပ်ရန် နည်းပြလိုင်စင်သတ်မှတ်ချက်ရှိသူကိုသာ ခန့်အပ်ရမည်ဖြစ်ပြီး နည်းပြသစ်ကို နှစ်ဝက်မတိုင်မီ တာဝန်ပေးဖွယ်ရှိနေသည်။