
မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်က မန်ယူအသင်းဖော်ဟောင်း ပေါ့ဘာအား မာဆေးလ်အသင်းထံသို့ လာရောက်ကစားရန် ဖိတ်ခေါ်ခဲ့သည်။
အသက် (၃၁) နှစ်အရွယ် ပြင် သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းနှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။ ပေါ့ဘာသည် တားမြစ်ဆေး သုံးစွဲမှုကြောင့် ကနဦးတွင် ဘောလုံး ကစားခွင့် (၄)နှစ် ပိတ်ပင်ခံခဲ့ရသော်လည်း နိုင်ငံတကာအားကစားခုံရုံး (CAS) က ၎င်း၏ပွဲပယ်ပြစ်ဒဏ်ကို (၄) နှစ်မှ (၁၈) လသို့ လျှော့ချပေးခဲ့သည်။
ထို့ကြောင့် ပေါ့ဘာအနေဖြင့် မတ်လတွင် ဘောလုံးပြန်ကစားနိုင်တော့မည်ဖြစ်သည်။ လက်ရှိတွင် ပေါ့ဘာအား ခေါ်ယူရန် ဥရောပကလပ်အသင်းများအပြင် ဆော်ဒီနှင့် ရုရှားကလပ်များကလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ သို့သော် ပေါ့ဘာအနေဖြင့် ဥ ရောပထိပ်တန်းလိဂ်များတွင် ကစားလိုခြင်းကြောင့် ရုရှားလိဂ်မှ ကမ်းလှမ်းမှုများကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ယခုအခါ ပေါ့ဘာအား ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည့် မာဆေးလ် အသင်း၏တိုက်စစ်မှူးဖြစ်သူ ဂရင်းဝုဒ် က ၎င်းအား မာဆေးလ်သို့ လာကစားရန် ဖိတ်ခေါ် ခဲ့ခြင်းဖြစ်သည်။
ဂရင်းဝုဒ်က "ပေါ့ဘာက တကယ်ကောင်းတဲ့ လူတစ်ဦးဖြစ်သလို၊ ပရော်ဖက်ရှင် နယ်ပီသတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို လမ်းပြခဲ့သူဖြစ်ပြီး ထိပ်တန်းကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဥရောပမှာရှိတဲ့ ထိပ်တန်းအသင်းတိုင်းက သူ့ကို လိုချင်ကြမှာပါ။ သူ ဒီ(မာဆေးလ်)ကို လာမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ကျွန်တော်တို့ကတော့ သူ့ကို ကြိုနေပါတယ်"ဟု ပြောကြားခဲ့သည်။