Eleven Media Group

စီရော်နယ်လ်ဒို ထိပ်တန်းအဆင့်ရှိနေဆဲဟု တိုဂိုတိုက်စစ်မှူးဟောင်း အဒီဘာယောချီးကျူး

Photo: Getty Images

ပရီးမီးယားလိဂ်ထိပ်တန်းကလပ်များစွာတွင် ကစားခဲ့ဖူးသည့် တိုဂိုတိုက်စစ်မှူးဟောင်း အဒီဘာယောက စီရော်နယ်လ်ဒိုသည် အသက် (၄၀) ပြည့်ခါနီးပြီဖြစ်သော်လည်း ထိပ်တန်းအဆင့်ရှိနေဆဲဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

အဒီဘာယောသည် ကစားသမားဘဝတွင် ရီးယဲလ်အသင်း၌ အငှားသွားရောက်ကစားခဲ့စဉ်က စီရော်နယ်လ်ဒိုနှင့် တွဲဖက်ကစားခဲ့ဖူးသူဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီ (၅) ရက်တွင် အသက် (၄၀) ပြည့်မည်ဖြစ်သော်လည်း ဆော်ဒီကလပ် အယ်လ်နာဆာတွင် ခြေစွမ်းပြနေဆဲဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၂)ပွဲတွင် (၁၉) ဂိုးအထိ သွင်းယူထားသည်။

အဒီဘာယောက "စီရော်နယ်လ်ဒိုက အသက် (၄၀) ပြည့်ခါနီးနေပါပြီ။ ဒါပေမဲ့ သူဟာ ဘောလုံးကစားနေဆဲဖြစ်သလို၊ ထိပ်တန်းအဆင့်လည်း ရှိနေဆဲပါ။ သူက သူ့ကစားသမားဘဝကို အကောင်းဆုံး တည်ဆောက်ခဲ့သူဖြစ်ပြီး သူ ဘောလုံးကစားတာကို စောင့်ကြည့်တာက အလှတရားတစ်ခုကို ခံစားနေရသလိုပါပဲ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group