Eleven Media Group

အာဆင်နယ်နောက်ခံလူ စကယ်လေအား အနီကတ်ပြသခဲ့ခြင်းမှာ မိမိမြင်တွေ့ဖူးသမျှ အဆိုးရွားဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခုဖြစ်သည်ဟု အလန်ရှီးယား ဝေဖန်

Photo: Premier League

BBC ၏ Match of the Day အစီအစဉ်တွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ဝုလ်ဗ် (၀-၁) အာဆင်နယ်ပွဲ၌ အာဆင်နယ်နောက်ခံလူ စကယ်လေအား အနီကတ်ပြထုတ်ပယ်ခဲ့ခြင်းမှာ မိမိမြင်တွေ့ဖူးသမျှ အဆိုးရွားဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခုဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
စကယ်လေသည် ပွဲချိန်(၄၃)မိနစ်တွင် ပြိုင်ဘက်ကစားသမား ဒိုဟာတီကို တားဆီးရာ၌ ခြေချင်းဝတ်ကို ဖြတ်နင်းသလိုဖြစ်ခဲ့သည့်အတွက် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒိုင်လူကြီး မိုက်ကယ်အိုလီဗာအနေဖြင့် အနီကတ်ပြသခဲ့ခြင်းမှာ VAR က စကယ်လေ၏အပြုအမူကို ပြင်းထန်သည့် ပြစ်ဒဏ်ကျူးလွန်မှုအဖြစ် ယူဆခြင်းကြောင့်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သို့သော် ဘောလုံးသုံးသပ်သူများစွာနှင့် ပရိသတ်များကမူ မိုက်ကယ်အိုလီဗာနှင့် VAR ဒိုင်အဖွဲ့ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြသည်။
အာဆင်နယ်နည်းပြ အာတီတာကလည်း အဆိုပါဆုံးဖြတ်ချက်အတွက် အမှန်တကယ်ဒေါသထွက်ကြောင်း ပြောကြားခဲ့သည်။
သို့ရာတွင် အာတီတာက မိမိ၏စကားမှာ အကူအညီဖြစ်စေမည်မဟုတ်၍ မှတ်ချက်ပေးလိုခြင်းမရှိဟု ဆိုခဲ့သည်။
ပရီးမီးယားလိဂ်၏ ဂိုးသွင်းအများဆုံးစံချိန်ရှင်ဖြစ်သည့် အလန်ရှီးယားကမူ ''ကျွန်တော် ဘောလုံးပွဲကြည့်ခဲ့တဲ့ သက်တမ်းရှည်ကြီးအတွင်းမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါပဲ။ ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ကွင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရှိနေခဲ့ရင် မမှန်ကန်တဲ့ မြင်ကွင်းကိုပဲ တွေ့ရမှာပါ။ VAR ဒိုင်က ဒိုင်လူကြီးမှန်တယ်လို့ထင်ရင် Screen ကို ကြည့်ခိုင်းမှာမဟုတ်ပါဘူး။ ဒါက အဝါကတ်ပဲ ဖြစ်သင့်ပါတယ်။ ဒါက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒီဟာက အရှိန်လည်းမပါ၊ ပြင်းထန်မှုလည်းမရှိ၊ ပြိုင်ဘက်ကိုလည်း အန္တရာယ်မဖြစ်စေပါဘူး။ ပြီးတော့ ဂိုးနဲ့လည်း ကိုက် (၉၀)လောက် ဝေးပါတယ်။ ဒါကြောင့် လုံးဝ အနီကတ်မဟုတ်ပါဘူး။ ကျွန်တော် ဘာကိုစိုးရိမ်သလဲဆိုတော့ လက်ထောက် VAR ဒိုင်နဲ့ VAR ဒိုင်က အနှေးပြကွက်များစွာကို ကြည့်ခဲ့ပြီးတော့ ဒါကို ပြင်းထန်တဲ့ပြစ်ဒဏ်ကျူးလွန်မှုလို့ ထင်မှတ်ခဲ့တာကိုပါပဲ''ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယင်းကဲ့သို့ စကယ်လေ ထုတ်ပယ်ခံခဲ့ရသည့်အတွက် မိနစ်(၃၀)ဝန်းကျင် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရပြီး ပွဲချိန်မိနစ် (၇၀)တွင် ဝုလ်ဗ်ကွင်းလယ်လူ ဂိုးမက်စ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရမှသာ ကစားသမားအရေအတွက်တူဖြင့် ပြန်ကစားခဲ့ရသည်။
ယင်းအခြေအနေ၌ အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ကျေနပ်ဝမ်းမြောက်ကြောင်း အာတီတာက ပြောကြားခဲ့သည်။
စကယ်လေ၏ အနီကတ်အတွက် အယူခံဝင်မည်လားဟူသည့် မေးမြန်းမှုကိုမူ အသင်းအတွက် အကောင်းဆုံးဖြစ်စေမည့် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဟု တုံ့ပြန်ခဲ့သည်။
အာတီတာက ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် အဆိုပါပြစ်ဒဏ်အပေါ် ပြန်လည်ဆန်းစစ်မှုပြုလုပ်ပြီး ပယ်ဖျက်ပေးရန် မျှော်လင့်နေကြောင်းလည်း သိရသည်။
စကယ်လေသည် အနီကတ်ပြခံရချိန်တွင် အသက် (၁၈)နှစ်နှင့် (၁၂၁)ရက်သာရှိသေးသည့်အတွက် ပရီးမီးယားလိဂ်၌ တတိယမြောက် အသက်အငယ်ဆုံးအနီကတ် ပြသခံရသူအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
အငယ်ဆုံးမှာ ရွန်နီ(၁၇ နှစ်၊ ၆၃ ရက်)ဖြစ်ပြီး ဒုတိယအငယ်ဆုံးမှာ မိုက်ကယ်အိုဝင်(၁၈ နှစ်၊ ၁၁၇ ရက်)ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group