Eleven Media Group

ပရီးမီးယားလိဂ်တွင် ၂၀၀၈ နောက်ပိုင်း အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုနှင့် စပါး ရင်ဆိုင်ခဲ့ရပြီး ပိုစတီကိုဂလူးနှင့် လီဗီတို့ကို ပရိသတ်များအော်ဟစ်လှောင်ပြောင်

Photo: Premier League

စပါးအသင်းသည် လက်စတာအသင်းကို အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် ၂၀၀၈ နောက်ပိုင်း အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
စပါးအသင်းသည် ပရီးမီးယားလိဂ်တွင် နောက်ဆုံး(၇) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်ပြီး (၁)ပွဲသရေကျကာ (၆)ပွဲ အထိ ရှုံးနိမ့်ခဲ့သည်။
စပါးအသင်းသည် ယူရိုပါလိဂ်နှင့် ပြည်တွင်းဖလားပြိုင်ပွဲများ၌ နိုင်ပွဲများရယူနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင်မူ နောက်ဆုံး (၁၁)ပွဲ၌ နိုင်ပွဲ (၁)ပွဲသာ ရရှိခဲ့သည်။
ဒီဇင်ဘာ (၁၆)ရက်နေ့က ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း (၇)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ် ပြီး ဝုလ်ဗ်နှင့်တစ်ပွဲသာ သရေကျ၍ လီဗာပူးလ်၊ နော်တင်ဟမ်၊ နယူးကာဆယ်၊ အာဆင်နယ်၊ အဲဗာတန်၊ လက်စတာတို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ်က မေလမှ အောက်တိုဘာလအတွင်း (၉)ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက်ပိုင်း အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
စပါးအသင်းသည် လက်စတာနှင့်ပွဲတွင် ရစ်ချာလီဆန်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် နှစ်ဂိုးပြန်ပေးရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပရိသတ်များက ဒေါသထွက်ခဲ့ကြပြီး နည်းပြ ပိုစတီကိုဂလူးနှင့် အသင်းဥက္ကဋ္ဌ ဒန်နီယယ်လီဗီတို့ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
ပရိသတ်အချို့က ''လီဗီ ထွက်သွားတာကို ငါတို့ အလိုရှိတယ်''ဟု အော်ဟစ်ခဲ့ကြောင်း ESPN က ဖော်ပြခဲ့သည်။
လီဗီသည် စပါးအသင်း၏ ဥက္ကဋ္ဌအဖြစ် ၂၀၀၁ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သောကြောင့် ပရီးမီးယားလိဂ်၏ အရှည်ကြာဆုံးအသင်းဥက္ကဋ္ဌအဖြစ် မှတ်တမ်းဝင်နေသော်လည်း ယင်းကာလအတွင်း လိဂ်ဖလားတစ်လုံးသာ ရယူနိုင်ခဲ့သည့်အတွက် ပရိသတ်အချို့က ၎င်းအား သဘောကျခြင်းမရှိဘဲ အစောပိုင်းကတည်းက ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။
စပါးပရိသတ်အချို့သည် နည်းပြ ပိုစတီကိုဂလူးကိုလည်း လက်စတာနှင့်ပွဲ၌ လူစားလဲချိန်နှင့် ပွဲအပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာချိန်များတွင် လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
ပိုစတီကိုဂလူးသည် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးထားသည့် ရစ်ချာလီဆန်နှင့် ကွင်းလယ်ကစားသမား ဆားတို့ကို (၁-၂)ဂိုးဖြင့် ရှုံးနေချိန် ပွဲချိန် (၅၄)မိနစ်၌ တစ်ပြိုင်နက်လူစားလဲခဲ့ရာ ပရိသတ်များက Boo ဟု အော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
သို့သော် ဘောလုံးသုံးသပ်သူအချို့ကမူ ကြံ့ခိုင်မှုမပြည့်ဝသေးသည့် ရစ်ချာလီဆန်ကို အနားပေးခဲ့ခြင်းမှာ မမှားကြောင်း ပိုစတီကိုဂလူးဘက်မှ ကာကွယ်မှုပြုလုပ်ခဲ့ကြသည်။
သို့သော် ပိုစတီကိုဂလူးအနေဖြင့် ဖိအားများ ပိုမိုမြင့်တက်လာပြီဖြစ်ပြီး ရာထူးမှ ထုတ်ပယ်ခံရရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။
ပိုစတီကိုဂလူးသည် အစောပိုင်းကတည်းက ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်ခြေအရှိဆုံး နည်းပြအဖြစ် ရေပန်းစားနေသူဖြစ်ပြီး လက်စတာကို ရှုံးနိမ့်အပြီးတွင်မူ ၎င်းရာထူးမှ ထုတ်ပယ်ခံရရန် အလေးပေးမှုမှာ (၂း၁၁) လေးအထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် စပါးအသင်း တန်းဆင်းရရန် အလေးပေးမှုမှာလည်း (၁၆း၁)လေးသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပွဲစဉ်(၂၃)အပြီးတွင် လက်စတာအသင်းက တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ကာ အဆင့် (၁၇)နေရာသို့ တက်လှမ်းလာခဲ့ပြီး စပါးအသင်းမှာ အဆင့် (၁၈)နေရာမှအသင်းနှင့် (၈)မှတ်သာကွာဟတော့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group