Eleven Media Group

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းအတွက် ယခုရာသီ သုံးဂိုးမြောက်သွင်းယူပြီး အကောင်းဆုံးကစားသမားဆု နှစ်ကြိမ်မြောက်ရရှိ

Photo: Nagaworld FC

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော်သည် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းအတွက် ယခုရာသီ သုံးဂိုးမြောက်သွင်းယူပြီး အကောင်းဆုံးကစားသမားဆု (MVP)နှစ်ကြိမ်မြောက်ရရှိခဲ့ကြောင်း သိရသည်။
သီဟဇော်၏ နာဂါဝေါလ်အသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီ ၂၅ ရက်က ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) အဖြစ် Life အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းပွဲတွင် သီဟဇော်သည် နာဂါဝေါလ်အသင်း၏ ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန်(၅၀) မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
သီဟဇော်သည် ယင်းဂိုးကို တစ်ဖက်နောက်တန်းကစားသမားဆီမှ ပြန်လျှံထွက်လာသည့်ဘောလုံးအား ဂိုးဧရိယာအစပ်မှနေ၍ အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
ယင်းပွဲအပြီးတွင် သီဟဇော်သည် နာဂါဝေါလ်အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သလို အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု(MVP) ကို ရရှိခဲ့သည်။
သီဟဇော်သည် ယခုရာသီတွင် နာဂါဝေါလ်အသင်းအတွက် သုံးဂိုးသွင်းယူပေးထားပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု(MVP) ကို နှစ်ကြိမ်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
သီဟဇော်၏ နာဂါဝေါလ်အသင်းသည် ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၈) အပြီးတွင် (၁၇) ပွဲကစား၊ (၈) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၆) ပွဲရှုံး၊ ရမှတ်(၂၇) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၅) နေရာတွင် ရပ်တည်နေလျက်ရှိကြောင်း သိရသည်။
ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းသည် သီဟဇော်ကို ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီ စာချုပ်ချုပ်ဆို၍ ခေါ်ယူထားခြင်းဖြစ်သည်။
သီဟဇော်သည် နာဂါဝေါလ်အသင်းတွင် နံပါတ် ၁၇ ဝတ်ဆင်ကစားလျက်ရှိသည်။
သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၂ ရာသီတွင် ကမ္ဘောဒီးယားလိဂ်- ၂ ကလပ် ခိုကောင်းအသင်း၊ ၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ကလပ် ပရေးဗန်အသင်းတို့၌ ကစားခဲ့ပြီး ယခုရာသီတွင် နာဂါဝေါလ်အသင်းသို့ ထပ်မံပြောင်းရွှေ့ကစားနေခြင်း ဖြစ်သည်။
သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် ပရေးဗန်အသင်းအတွက် ပြိုင်ပွဲစုံ၌ ကိုးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုခုနစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သလို ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု(MVP) ကို နှစ်ကြိမ်ဆွတ်ခူးရရှိထားခဲ့သည်။
သီဟဇော်သည် ကျင်းပပြီးခဲ့သည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းယူပေးနိုင်ခြင်းမရှိခဲ့သော်လည်း စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ခြေစမ်းပွဲများတွင် မြန်မာအသင်းအတွက် ဂိုးသွင်းယူပေးခဲ့သည်။

မူရင်းသတင်း — Eleven Media Group