Eleven Media Group

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောအေးစီး ထိုင်းဖိုက်လိဂ်-၆၁ မွေထိုင်းပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းဖိုက်တာကို အမှတ်ဖြင့် အနိုင်ရ

Photo: Thai Fight League

မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးသည် ထိုင်းဖိုက်လိဂ်-၆၁ (Thai Fight League-61)မွေထိုင်းပြိုင်ပွဲတွင် အိမ်ရှင်ထိုင်း ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းဖိုက်လိဂ်-၆၁ (Thai Fight League-61)မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီ ၂၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ World Siam Stadium တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ခုနစ်ဆိုင်း ပါဝင်ခဲ့ပြီး စေအေးစီးမှာ ပွဲစဉ်(၃) တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။
စောအေးစီးသည် ယင်းပြိုင်ပွဲတွင် မွေထိုင်း(၆၁) ကီလိုတန်း၌ အိမ်ရှင်ထိုင်းဖိုက်တာ ပတ်ချနရင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။
စောအေးစီးသည် အသက်(၂၄) နှစ်ရှိပြီး ယခုပွဲမတိုင်မီ ပွဲပေါင်း (၃၅) ပွဲ ထိုးသတ်ထားရာ (၂၄) ပွဲနိုင်၊ (၁၁) ပွဲ ရှုံးနိမ့်ထားသည်။
စောအေးစီးနှင့် ယှဉ်ပြိုင်ထိုးသတ်သည့် ထိုင်းဖိုက်တာ ပတ်ချနရင်းသည် အသက်(၃၀) နှစ်ရှိပြီး ယခုပွဲမတိုင်မီ ပွဲပေါင်း(၈၇) ပွဲ ထိုးသတ်ထားရာ (၆၈) ပွဲနိုင်၊ (၁၆) ပွဲ ရှုံး၊ (၃) ပွဲ သရေကျထားကြောင်း သိရသည်။
ပထမအချီတွင် စောအေးစီးသည် ဘယ်ညာတွဲလုံး၊ ဘယ်ခြေအမြင့်ကန်ချက်များကို အားပြုခဲ့သည်။
စောအေးစီး၏ အားသာချက်မှာ ညာဝိုက်လက်သီးဖြစ်ပြီး ပါ၀ါအားပြု ထိုးသတ်လေ့ရှိသည်။
ပထမအချီတွင် စောအေးစီး၏ လက်သီးတွဲလုံးများကြောင့် ထိုင်းဖိုက်တာ ပတ်ချနရင်း အတော်အထိနာခဲ့သည်။
ဒုတိယအချီတွင် ထိုင်းဖိုက်တာ ပတ်ချနရင်းသည် အတင်းဝင်ဖိအားပေး ထိုးသတ်လာပြီး စောအေးစီးမှာ Counter စောင့် ထိုးသတ်ခဲ့ရသည်။
စောအေးစီးသည် လူချင်းအပူးတွင် ချုပ်ဒူးတိုက်ခြင်း၊ ကပ်တံတောင်ရိုက်ခြင်းများကို သေသပ်စွာ အသုံးပြုခဲ့သည်။
စောအေးစီး၏ အနီးကပ်တံတောင်ရိုက်ချက်များက ထိုင်းဖိုက်တာ ပတ်ချနရင်းကို အထိနာစေခဲ့သည်။
တတိယအချီတွင် စောအေးစီးက ပွဲဖြတ်လိုစိတ်ဖြင့် အတင်းဝင် ဖိအားပေးထိုးသတ်လာခဲ့သည်။
စောအေးစီး၏ ဘယ်ထောက်လက်သီးနှင့် အားပါသည့် ညာဝိုက် လက်သီးတွဲလုံးမှာ ထိုင်းဖိုက်တာ ပတ်ချနရင်းကို ထိခဲ့သောကြောင့် ဖင်ထိုင်ပြုတ်ကျပြီး အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။
တတိယအချီအပြီးတွင် စောအေးစီးမှာ အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
စောအေးစီးသည် ထိုင်းဖိုက်လိဂ်တွင် မွေထိုင်းပွဲများကို သွားရောက်ထိုးသတ်နေခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group