
မြန်မာဖိုက်တာများဖြစ်သည့် စိုးမိုးဇော် နှင့် စောဘဟိန်းတို့သည် ပြီးခဲ့သည့်ဇန်နဝါရီ ၂၆ ရက်က ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စိုးမိုးဇော်မှာ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ကာ စောဘဟိန်းမှာမူ ပူးတွဲသရေကျခဲ့ကြောင်း သိရသည်။
WURKZ ခွန်မာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စိုးမိုးဇော်သည် (၆၅) ကီလိုတန်း၌ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ မိုအင်းဆောင်ဟုနှင့် အဓိကခေါင်းပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။
စိုးမိုးဇော်သည် ပထမအချီတွင် လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီတွင် စိတ်လောသည့်အမှားကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
စိုးမိုးဇော်သည် သူ၏ ထိုးသတ်နေကျပုံစံအတိုင်း ဘယ်ထောက်၊ ညာဝိုက်၊ ညာခြေအမြင့်ကန်ချက်များဖြင့် ပြိုင်ဘက်ကို အစီးထိုးသတ်နိုင်နေခဲ့သော်လည်း ဒုတိယအချီတွင် ပွဲဖြတ်လိုစိတ် လွန်ကဲပြီး အတင်းဝင်းတိုးရာ ပြိုင်ဘက်ဖိုက်တာက အနီးကပ်တံတောင်ရိုက်ပြီး အလဲထိုးအနိုင်ယူသွားခြင်းဖြစ်သည်။
Cambodia Mas Fightခွန်ခမာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စောဘဟိန်းသည် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ဆော့ဘန်တီ နှင့် (၆၅) ကီလိုတန်းတွင်ယှဉ် ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲတွင် စောဘဟိန်းက သုံးချီစလုံး အစီးထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေသာ ရရှိခဲ့ခြင်းဖြစ်သည်။