
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီ (SGOC) သည် (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက် ၂၂ နှစ်ကျော် ကစားသမားများ ပါဝင်ခွင့်မပြုခြင်းမှာ လူငယ်များကို အခွင့်အရေးပေးလိုခြင်းကြောင့်ဟု ရှင်းလင်းခဲ့သည်။
SGOC ၏ အဆိုအရ လာမည့်ဆီးဂိမ်းစ်၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမားများကို ပါဝင်ခွင့်မပြုခြင်းမှာ လူငယ်ကစားသမားများ အခွင့်အရေးပိုမိုရရှိစေခြင်း၊ ထူးချွန်ကစားသမားများ ထွက်ပေါ်စေခြင်း၊ အတွေ့အကြုံတိုးတက်လာစေခြင်း၊ ပွဲအရေအတွက် များများကစားခွင့်ရစေခြင်းတို့အတွက်ဖစ်ကြောင်း သိရသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) နှင့် ထိုင်းအားကစားဆိုင်ရာ အာဏာပိုင်အဖွဲ့ (SAT) တို့သည် ပြီးခဲ့သည့်ရက်ပိုင်းက အစည်းအဝေးပြုလုပ်ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
SGOC အနေဖြင့် FAT နှင့် SAT တို့၏ အဆိုပြုချက်ကို သေချာပေါက် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
FAT နှင့် SAT တို့သည် လာမည့် ၂၀၂၅ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက် ၂၂ နှစ်အောက် ကစားသမားများကိုသာ ပါဝင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းကစားသမားများအနေဖြင့် ၂၀၀၃ ခုနှစ် နောက်ဆုံးထားမွေးဖွားသူများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားလျက်ရှိသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) သည် ၂၀၂၆ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်း အောင်မြင်မှုရရှိရန်ရည်ရွယ်ထားသောကြောင့် ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်အသင်းကို အခြေခံ၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကို ကျွန်းဆွယ်ပြိုင်ပွဲ (SEAP Games) အမည်ဖြင့် စတင်ခဲ့သည့် ၁၉၅၉ ခုနှစ်ကတည်းက အမျိုးသားဘောလုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး ၁၉၉၉ ခုနှစ် ဘရူနိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအထိ အသက်ကန့်သတ်မှုမရှိဘဲ အလွတ်တန်းအနေဖြင့် ကျင်းပခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲမှ စတင်ကာ အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၃ အောက်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ခြွင်းချက်အနေဖြင့် အသက်ကျော်ကစားသမား သုံးဦး ပါဝင်ခွင့်ပြုခဲ့သည်။
ထို့နောက် ၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲမှစကာ အသက် ၂၂ နှစ်အောက်အဖြစ် ထပ်မံပြောင်းလဲသတ်မှတ်ခဲ့ပြီး ခြွင်းချက်အနေဖြင့် အသက်ကျော်ကစားသမား သုံးဦး ပါဝင်ခွင့်ပြုထားခြင်းဖြစ်သည်။
ယခုအတိုင်းဆိုပါက ယခု ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှစ၍ အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက်အဖြစ်သာ သတ်မှတ်တော့မည်ဖြစ်ပြီး အသက်ကျော်ကစားသမားသုံးဦး ပါဝင်ကစားခွင့်ရရှိတော့မည်မဟုတ်ကြောင်း သိရသည်။
၂၀၂၅ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ယခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်၊ ချောင်ဘူရီနှင့် ဆောင်ခလာမြို့ သုံးမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
၂၀၂၅ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ တွင် အားကစားနည်း ၅၀ မှ အမျိုးအစားပေါင်း ၅၈၅ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။