
လက်စတာအသင်းခေါင်းဆောင် အင်္ဂလန်တိုက်စစ်မှူး ဗာဒီသည် အသက်(၃၇)နှစ်ကျော်ချိန်၌ ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု (၁၀)ဂိုးနှင့်အထက် ပြုလုပ်နိုင်သည့် ပဥ္စမမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဗာဒီသည် ဇန်နဝါရီ(၁၈)ရက်နေ့တွင် အသက်(၃၈)နှစ်ပြည့်ခဲ့သူဖြစ်ပြီး ယခုရာသီ၌ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် (၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားသည်။
ထို့ကြောင့် ၎င်းအနေဖြင့် ထူးခြားသည့် စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဗာဒီ မတိုင်မီက ယင်းကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားများမှာ တက်ဒီရှရင်ဂမ်(၂၀၀၃-၀၄)၊ ဂယ်ရီစပိဒ်(၂၀၀၆-၀၇)၊ ရိုင်ယန်ဂစ်(၂၀၁၁- ၁၂) နှင့် စီရော်နယ်လ်ဒို(၂၀၂၁-၂၂)တို့ဖြစ်ကြောင်း သိရသည်။
ဗာဒီသည် စပါးနှင့်ပွဲတွင် လက်စတာအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ပွဲအပြီး၌ လက်စတာအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်မှ တန်းဆင်းရမည်မဟုတ်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
လက်စတာအသင်းသည် ပရီးမီးယားလိဂ်တွင် (၇)ပွဲဆက်တိုက် ရှုံးနိမ့်နေခဲ့သည့်အသင်းဖြစ်ပြီး စပါးနှင့်ပွဲတွင်မှ နိုင်ပွဲပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။