Eleven Media Group

ဂျူဗင်တပ်စ်ကို အနိုင်ရပြီးနောက် ယခုရာသီ စီးရီးအေချန်ပီယံလုပွဲတွင် မိမိတို့အသင်း ယုံကြည်မှုပိုရှိလာပြီဟု နာပိုလီနည်းပြ ကွန်တီ ကြုံးဝါး

Photo: X

နာပိုလီအသင်းနည်းပြ ကွန်တီက ဂျူဗင်တပ်စ်အသင်းအား အနိုင်ရပြီးနောက် မိမိတို့အသင်းအနေဖြင့် ယခုရာသီ စီးရီးအေချန်ပီယံလုပွဲတွင် ယုံကြည်မှုပိုရှိလာပြီဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။
နာပိုလီအသင်းသည် ဇန်နဝါရီ (၂၅) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ်၌ ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်းတွင် နောက်မှလိုက်ကစားခဲ့သော်လည်း အန်ဂွီဆာ၊ လူကာကူတို့၏သွင်းဂိုးများဖြင့် ပွဲအပြီးတွင် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
နာပိုလီအသင်းသည် ပြီးခဲ့သည့်အပတ်ကလည်း ယခုရာသီ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု သတ်မှတ်ခံထားရသည့် အတ္တလန်တာအသင်းကို အဝေးကွင်းတွင် (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းကဲ့သို့ ထိပ်တန်းပြိုင်ဘက်များကို (၂) ပွဲဆက်တိုက် အနိုင်ရပြီးနောက် ၎င်းတို့အသင်းအနေဖြင့် ယခုရာသီ စီးရီးအေချန်ပီယံလုပွဲတွင် ယုံကြည်မှုပိုရှိလာပြီဖြစ်ကြောင်း နာပိုလီနည်းပြ ကွန်တီက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွန်တီက ''ဒီရာသီ စီးရီးအေမှာ ရှုံးပွဲမရှိတဲ့ ထိပ်တန်းအသင်းကြီးကို ကျွန်တော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်မှုကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ကြိုးစားမှုက အကျိုးဖြစ်ထွန်းတယ်ဆိုတာ ဒါက သက်သေပါပဲ။ ကျွန်တော်တို့က အားနည်းချက်တွေကို ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ ဖုံးကွယ်ထားတာပါ။ ကျွန်တော်တို့က အစွမ်းကုန်ကြိုးစားသူတွေဖြစ်ပါတယ်။ အတ္တလန်တာနဲ့ ဂျူဗင်တပ်စ်တို့ကို ဆက်တိုက်အနိုင်ရလိုက်တာက ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပိုရှိလာစေပါတယ်''ဟု ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၂၂) အပြီးတွင် ရမှတ် (၅၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ရပ်တည်နေပြီး ဒုတိယနေရာမှ တစ်ပွဲလျော့ကစားထားသည့် အင်တာမီလန်(၅၀ မှတ်)ကို (၃) မှတ် ဖြတ်ထားသလို၊ တတိယနေရာမှ အတ္တလန်တာအသင်း(၄၆ မှတ်)ကို (၇) မှတ်အထိ ဖြတ်ထားသည်။
နာပိုလီအသင်းသည် စီးရီးအေချန်ပီယံဆုကို ရရှိခဲ့သည့် ၂၀၂၂-၂၃ ရာသီကလည်း ပွဲစဉ် (၂၂) အပြီးတွင် ယခုကဲ့သို့ ရမှတ် (၅၃) မှတ် ရရှိခဲ့ကြောင်း သိရသည်။
သို့သော် ကွန်တီက ၎င်းတို့အနေဖြင့် များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group