
မန်ယူအသင်းနည်းပြ အာမိုရင်မ်က လေ့ကျင့်ရေးကွင်း၌ အမြင့်ဆုံးစွမ်းဆောင်ရည်မပြနိုင်သည့် ရပ်ရှ်ဖို့ဒ်ကို ရွေးချယ်မည့်အစား အသက် ၆၃ နှစ်အရွယ် ဂိုးနည်းပြကိုသာ ရွေးချယ်မည်ဟု တုံ့ပြန်ပြောကြားသည်။
အာမိုရင်မ်နှင့် ရပ်ရှ်ဖို့ဒ်အကြား ဆက်ဆံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး ဇန်နဝါရီ ၂၆ ရက်က ဖူလ်ဟမ်အသင်းနှင့်ကစားသည့်ပွဲတွင်လည်း ထပ်မံချန်လှပ်ခံခဲ့ရသည်။
ရပ်ရှ်ဖို့ဒ် (၂၇ နှစ်) သည် ဒီဇင်ဘာလအတွင်း မန်စီးတီးအသင်းနှင့်ကစားသည့်ပွဲမှစတင်ကာ ကစားခွင့်မရဘဲ ချန်လှပ်ခံနေရပြီး ပြိုင်ပွဲစုံ ၁၁ ပွဲအနက် နယူးကာဆယ်အသင်းနှင့် တစ်ပွဲသာ အရန်စာရင်းပါဝင်၍ ကျန်ပွဲများတွင်မူ လူစာရင်းမှာပင် ရွေးချယ်ခံရခြင်းမရှိကြောင်း သိရသည်။
ဖူလ်ဟမ်အသင်းနှင့်ပွဲအပြီးတွင် ရပ်ရှ်ဖို့ဒ်မပါဝင်သည့်အကြောင်း သတင်းထောက်များက ထပ်မံမေးမြန်းရာ အာမိုရင်မ်က ''ဒါက အမြဲတမ်းတူညီတဲ့ အကြောင်းပြချက်ကြောင့်ပါပဲ။ လေ့ကျင့်မှုဆိုတာ ဘောလုံးသမားရဲ့ဘဝမှာ လုပ်သင့်တဲ့အရာလို့ ကျွန်တော် ထင်တယ်။ နေ့စဉ်နေ့တိုင်း၊ အသေးစိတ်အချက်အလက်တွေနဲ့ လုပ်ရမှာပါ။ ပြောင်းလဲတာတွေမရှိဘူးဆိုရင် ကျွန်တော့်ဘက်ကလည်း မပြောင်းလဲပါဘူး။ ဒါက ကစားသမားတိုင်းအတွက် တူညီတဲ့အခြေအနေပါ။ အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ မှန်ကန်တဲ့အရာတွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ကစားသမားအားလုံးကို အသုံးပြုလို့ရပါတယ်။ အရန်ခုံတန်းမှာ ကျွန်တော်တို့ အရှိန်နည်းနည်းလွဲချော်နေတာ တွေ့မှာပါ။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း အမြင့်ဆုံးစွမ်းဆောင်ရည်မပေးတဲ့ ကစားသမားရဲ့ အရှေ့မှာ ဗီတဲလ် (ဂိုးနည်းပြ) ကိုပဲ ကျွန်တော် ရွေးချယ်မှာပါ'' ဟု တုံ့ပြန်ဖြေကြားသည်။
ထို့ပြင် ၎င်းက မန်ယူအသင်းသို့ရောက်ရှိပြီးနောက် နှစ်လအကြာမှာပင် အသက် ၁၀ နှစ်ပိုကြီးသလိုဖြစ်သွားကြောင်း ဆက်လက်ပြောကြားသည်။
ဇန်နဝါရီ ၂၇ ရက်တွင်ကျရောက်သည့် အသက် ၄၀ ပြည့်မွေးနေ့အတွက် မေးမြန်းစဉ် အာမိုရင်မ်က ယင်းကဲ့သို့ နောက်ပြောင်ပြောကြားခြင်းဖြစ်သည်။
''အဲဒါ ၄၀ မဟုတ်ပါဘူး။ ကျွန်တော်က ၅၀ ရှိပါပြီ။ မန်ချက်စတာယူနိုက်တက်မှာ နှစ်လကြာပြီးတဲ့နောက် အဲဒါက အသက် ၅၀ ပြည့်သလိုပါပဲ။ ကျွန်တော့်ရဲ့ အသက် ၄၀ ပြည့်မွေးနေ့ကို ဒီမှာဖြတ်သန်းခွင့်ရတာက အခွင့်ထူးတစ်ခုပါ'' ဟု ၎င်းက ဆိုသည်။
ဖူလ်ဟမ်အသင်းအား အနိုင်ရခဲ့သည့်ပွဲမှ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အာမိုရင်မ်က ''ဒီနေ့က အကောင်းဆုံးပွဲမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ပွဲရအောင် ကျွန်တော်တို့လုပ်နိုင်ခဲ့တယ်။ အရေးကြီးတာက ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားဖို့ပါ။ တစ်ခါတလေတော့ ကျွန်တော်စိတ်ပျက်မိပါတယ်။ မတူညီတဲ့ပုံစံမျိုး ကျွန်တော်တို့ကစားချင်ပါတယ်။ အနာဂတ်မှာ မတူညီတဲ့ပုံစံမျိုး ကစားသွားမှာပါ'' ဟု သုံးသပ်ပြောကြားသည်။
မန်ယူအသင်းသည် အာမိုရင်မ်လက်ထက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားပြီးနောက် ခုနစ်ပွဲနိုင်၊ သုံးပွဲသရေ၊ ခုနစ်ပွဲရှုံးနိမ့်ထားပြီး ဇန်နဝါရီ ၃၀ ရက်တွင် စတူအာဘူခါရက်အသင်းနှင့် ယူရိုပါလိဂ်အဝေးကွင်းပွဲ သွားရောက်ကစားရမည်ဖြစ်သည်။