Eleven Media Group

အိုးလ်ထရက်ဖို့ဒ်ကွင်းကို အဆင့်မြှင့်တင်ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်းအတွက် အစိုးရထံမှ ထောက်ခံမှုရရှိထားကြောင်း မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါ ပြောကြား

Photo: BBC

အိုးလ်ထရက်ဖို့ဒ်ကွင်းကို အဆင့်မြှင့်တင်ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်းအတွက် အစိုးရထံမှ ထောက်ခံမှုရရှိထားကြောင်း မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါက ထုတ်ဖော်ပြောကြားသည်။
မန်ယူအသင်းပူးတွဲပိုင်ရှင် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် အိုးလ်ထရက်ဖို့ဒ်ကွင်းကို တိုးချဲ့ပြင်ဆင်ရန် ဆန္ဒရှိနေပြီး ပရိသတ် ၈၇၀၀၀ ဝင်ဆံ့သည့်ကွင်းအဖြစ် အဆင့်မြှင့်တင်ခြင်း သို့မဟုတ် ပရိသတ်တစ်သိန်းဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ခြင်း ပြုလုပ်ရန် အဆိုပြုထားသည်။
အဆိုပါအစီအစဉ်ကို အစိုးရထံမှ ထောက်ခံမှုရရှိထားကြောင်း ဘာရာဒါက အသင်း၏ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကမ္ဘာ့အဆင့်မီ အားကစားကွင်းတစ်ခု ပေးအပ်ခြင်းက ဂရိတ်မန်ချက်စတာဧရိယာရဲ့ ကြီးမားတဲ့ ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ အဲဒီလိုလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လိုအပ်ပါတယ်။ ပိုပြီးကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေကို ကျွန်တော်တို့ ကိုယ်ပိုင်စွမ်းအားနဲ့ ရအောင်မလုပ်နိုင်ပါဘူး။ အဲဒါကြောင့် အဓိပတိ (ဗြိတိန်ဘုရင့်ဘဏ္ဍာတိုက်၏ အကြီးအကဲ ရေချယ်ရီးစ်)၊ ဂရိတ်မန်ချက်စတာမြို့တော်ဝန် (အန်ဒီဘန်းဟမ်း) နဲ့ ထရက်ဖို့ဒ်ကောင်စီတို့ရဲ့ ကူညီပံ့ပိုးမှုကြေညာချက်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ အတူတူလုပ်ကြရင် တစ်သက်မှာတစ်ကြိမ်ပဲ အခွင့်အရေးရှိတဲ့ အိုးလ်ထရက်ဖို့ဒ်အနီးတစ်ဝိုက်မှာ အထင်ကရပရောဂျက်တစ်ခု ဖန်တီးနိုင်မှာဖြစ်ပြီး အဲဒါက ဒေသတစ်ခုလုံး ဂုဏ်ယူရစေမှာပါ'' ဟု ဘာရာဒါက ဆိုသည်။
ဂရိတ်မန်ချက်စတာမြို့တော်ဝန် အန်ဒီဘန်းဟမ်းကလည်း ''အိုးလ်ထရက်ဖို့ဒ်တစ်ဝိုက်ပရောဂျက်က ၂၀၁၂ ခုနှစ်ကတည်းက လန်ဒန်မှာမြင်တွေ့ခဲ့ရတဲ့ မြို့ပြပြန်လည်ထူထောင်ရေးအတွက် အကြီးမားဆုံးအခွင့်အလမ်းအဖြစ် ကိုယ်စားပြုပါတယ်။ ဒါဟာ ဂရိတ်မန်ချက်စတာတစ်ခွင် တိုးတက်မှုအတွက် ကျွန်တော်တို့ဆောင်ရွက်နေတဲ့ ၁၀ နှစ်စီမံကိန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်'' ဟု ပြောကြားသည်။
မန်ယူအသင်း၏ အိမ်ကွင်းဖြစ်သည့် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ၁၉၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ် ပေါင် ၉၀၀၀၀ ရှိခဲ့သည်။
ထို့နောက် ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြင်ဆင်မှုလုပ်ငန်းများကို ၁၉၄၁၊ ၁၉၄၆ -၁၉၄၉၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၇၃၊ ၁၉၉၅-၁၉၉၆၊ ၂၀၀၀၊ ၂၀၀၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်ကွင်း၏ လက်ရှိဝင်ဆံ့သည့်ပမာဏမှာ ၇၄၃၁၀ ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံတစ်ဝန်း ဒုတိယအကြီးဆုံးနှင့် ကလပ်အသင်းကွင်းများအနက် အကြီးဆုံးကွင်းအဖြစ် မှတ်တမ်းဝင်ထားသည်။
အိုးလ်ထရက်ဖို့ဒ်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်၊ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဘက်စတီယန်ကိုးတို့ အပါအဝင် အခြားအဖွဲ့ဝင်များလည်းပါဝင်ကြောင်း သိရသည်။
ကွင်းသစ်တည်ဆောက်ပါက ခြောက်နှစ်ကြာမြင့်မည်ဖြစ်ပြီး ပေါင်နှစ်ဘီလျံကျော် ကုန်ကျဖွယ်ရှိသည်။

မူရင်းသတင်း — Eleven Media Group