
ချယ်လ်ဆီးအမျိုးသမီးအသင်းသည် အမေရိကန်ကလပ် ဆန်ဒီယေဂိုဝေ့ဗ်အသင်းမှ အမေရိကန်လက်ရွေးစင်နောက်ခံလူ နယ်အိုမီဂါမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ ၁.၁ သန်းဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ခံစစ်အတွင်းလူ ဂါမာကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက ထုတ်ပြန်ခဲ့ပြီး လေးနှစ်ခွဲစာချုပ် ချုပ်ဆိုထားသည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ၎င်းအတွက် ပြောင်းရွှေ့ကြေး ဒေါ်လာ ၁.၁ သန်း (ပေါင် ၈၉၀၀၀၀၊ ယူရို ၁.၀၅ သန်း) ပေးချေခဲ့ရပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး အမျိုးသမီးကစားသမားအဖြစ် စံချိန်တင်ခဲ့သလို ဒေါ်လာတစ်သန်းအထက်ပမာဏဖြင့် ပြောင်းရွှေ့သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကနေဒါခံစစ်အတွင်းလူ ဘူခါနန် ဒူးအရွတ်(ACL) ဒဏ်ရာရရှိသွားသဖြင့် ၎င်းနေရာတွင် အစားထိုးရန် ဂါမာကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဂါမာသည် ဆန်ဒီယေဂိုဝေ့ဗ်အသင်းအတွက် ၇၅ ပွဲနှင့် အမေရိကန်လက်ရွေးစင်အသင်းအတွက် ၄၄ ပွဲ ကစား၊ နှစ်ဂိုးသွင်းယူပေးထားပြီး ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိထားသည်။
ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီ ၂၆ ရက်က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ အာဆင်နယ်အသင်းနှင့်ကစားသည့်ပွဲမတိုင်မီ ၎င်းအား ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင်လည်း လီဗန်တေးအသင်းမှ ကိုလံဘီယာတိုက်စစ်မှူး ရာမီရက်ဇ်ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂၆၀၀၀ (ဒေါ်လာ ၅၄၄၀၀၀) ဖြင့် ခေါ်ယူထားသည်။
■ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ထိပ်ဆုံးငါးဦး
အမည် မှ သို့ ဒေါ်လာ
ဂါမာ ဆန်ဒီယေဂို ချယ်လ်ဆီး ၁.၁ သန်း
ခွန်ဒါနန်ဂျီ မက်ဒရစ် ဘေး ၈၆၂၀၀၀
ဘန်ဒါ ရှန်ဟိုင်း အော်လန်ဒို ၇၄၀၀၀၀
ရာမီရက်ဇ် လီဗန်တေး ချယ်လ်ဆီး ၅၄၄၀၀၀
ဝဲလ်ရှ် မန်စီးတီး ဘာစီလိုနာ ၄၇၀၀၀၀