
စပိန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။
ဒယ်လာဖွန်တေ(၆၃ နှစ်)သည် စပိန်အသင်း၏ လူငယ်အသင်းများကို အဆင့်ဆင့်ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် စပိန်လက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းသည် လူးဝစ် အန်နရီကေး ရာထူးမှ နုတ်ထွက်ခဲ့သည့်အတွက် စပိန်လက်ရွေးစင်နည်းပြအဖြစ် အစားထိုးခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။
၎င်း၏မူလစာချုပ်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ယူရို-၂၀၂၈ ပြိုင်ပွဲအပြီးအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို ခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းသည် လာမည့်မတ်လတွင် UEFA Nations League ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်များမတိုင်မီ ဒယ်လာဖွန်တေကို သက်တမ်းတိုးခဲ့ခြင်းကြောင့် အဆိုပါပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန် ရည်ရွယ်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ဒယ်လာဖွန်တေသည် စပိန်လူငယ်အသင်းများကို ကိုင်တွယ်စဉ် ကြယ်ပွင့်ကစားသမားများစွာကို စင်တင်ပေးနိုင်ခဲ့သည့်အတွက် ၎င်းကိုခေါ်ယူရန် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေကြောင်းလည်း သိရသည်။
ဒယ်လာဖွန်တေက သက်တမ်းတိုးနိုင်ခဲ့၍ ဝမ်းမြောက်သည်ဟု ဆိုခဲ့သည်။