
ဘာစီလိုနာအသင်းသည် လာမည့် မေလအတွင်း ယှဉ်ပြိုင်ကစားရမည့် El Clásico ပွဲကို ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် နူးကမ့်ကွင်းကို အဆင့်မြှင့်တည်ဆောက်မှုများ ပြုလုပ်နေသည့်အတွက် ပြီးခဲ့သည့်ရာသီမှစ၍ အိုလံပစ်ကွင်းအား အိမ်ကွင်းအဖြစ် အသုံးပြုလျက်ရှိသည်။
အဆိုပါကွင်းအား ငှားရမ်းအသုံးပြုမှုမှာ လာမည့်ဧပြီလတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် El Clásico ပွဲစဉ်မှာ မေလအတွင်းဖြစ်သောကြောင့် ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် မေလအတွင်း၌ လာလီဂါပွဲစဉ်နှစ်ပွဲကိုသာ အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ပထမဆုံးပွဲမှာ မဟာပြိုင်ဘက် ရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် El Clásico ပွဲဖြစ်ပြီး နောက်တစ်ပွဲမှာ ဗီလာရီးယဲလ်နှင့် ယှဉ်ပြိုင်ရမည့် ပွဲဖြစ်သည်။
သို့သော် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက ဒုတိယအကျော့ပွဲစဉ်ကို မေလအတွင်း၌ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရဖွယ်ရှိနေသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် မေလ၌ အိမ်ကွင်းအဖြစ် အသုံးပြုမည့်ကွင်းကို ရှာဖွေရတော့မည်ဖြစ်ရာ အင်္ဂါနေ့(ယနေ့)တွင် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်၍ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။
ဘာစီလိုနာအသင်းတာဝန်ရှိသူများက El Clásico ပွဲအား ပရိသတ်များစွာဝင်ဆံ့မည့် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်သွားရန် လိုလားနေကြပြီး ရီးယဲလ်အသင်းက လက်ခံလိမ့်မည်ဟု ယူဆနေကြောင်းလည်း သိရသည်။