Eleven Media Group

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ပိတ်ရန် တစ်ပတ်အလိုတွင် ပရီးမီးယားလိဂ် အသုံးစရိတ် ပေါင် ၂၄၇ သန်းကျော်ရှိနေပြီး စတုတ္ထအများဆုံးဖြစ်

Photos: X

ဇန်နဝါရီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းရန် ရက်သတ္တပတ်တစ်ပတ်အလိုတွင် ပရီးမီးယားလိဂ်၏အသုံးစရိတ်မှာ ပေါင် ၁၄၇ ဒသမ ၈ သန်းရှိနေပြီး ပြိုင်ပွဲသမိုင်းတွင် စတုတ္ထအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် ဇန်နဝါရီကာလ ငွေကြေးအများဆုံးသုံးစွဲမှုအဖြစ် စံချိန်တင်ထားသည်မှာ ၂၀၂၃ ခုနှစ်က ပေါင် ၈၁၅ သန်း သုံးစွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယအများဆုံးမှာ ၂၀၁၈ ခုနှစ်က ပေါင်သန်း ၄၃၀ ပမာဏ ရှိခဲ့သည်။ ၂၀၂၂ ဇန်နဝါရီတွင် ပေါင် ၂၉၅ သန်း သုံးစွဲခဲ့ခြင်းမှာ တတိယအများဆုံး သုံးစွဲခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်နေပြီး ယခုနှစ်တွင် စျေးကွက်ပိတ်ရန် တစ်ပတ်အလို၌ ပေါင် ၂၄၇ ဒသမ ၈ သန်း သုံးစွဲထားပြီဖြစ်သည့်အတွက် စတုတ္ထအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည့်အပြင် သုံးစွဲမှုပမာဏ ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်းလည်း BBC က ခန့် မှန်းသုံးသပ်ခဲ့သည်။

သို့သော် သုံးစွဲမှု အများ ဆုံးအဖြစ် စံချိန်တင်ထားသည့် ၂၀၂၃ ခုနှစ်မှ ပေါင် ၈၁၅ သန်းစံချိန်ကိုမူ လိုက်မီဖွယ်မရှိကြောင်းလည်း ထင်ကြေးပေးခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ငွေကြေးသုံးစွဲမှုတွင် ပရီးမီးယားလိဂ်က ထိပ်သီးလိဂ်များထဲ၌ အများဆုံးသုံးစွဲမှုအဖြစ် ဦးဆောင်လျက်ရှိပြီး ပြင်သစ်လီဂူးက ဒုတိယနေရာတွင် ပေါင် ၁၀၆ သန်းဖြင့် ရပ်တည်လျက်ရှိသည်။

စီးရီးအေက ပေါင် ၆၂ ဒသမ ၃ သန်းဖြင့် တတိယ နေရာ၊ ဘွန်ဒစ် လီဂါက ပေါင် ၄၉ ဒသမ ၇ သန်းဖြင့် စတုတ္ထ နေရာ၊ လာလီဂါက ပေါင် ၂ ဒသမ ၂သန်းဖြင့် ပဥ္စမနေရာတွင် ရပ်တည်လျက်ရှိသည်။ ပရီးမီးယားလိဂ်၏ငွေကြေးသုံးစွဲမှုတွင် မန်စီးတီး အသင်းက အဓိကကျခဲ့ပြီး စုစုပေါင်း ပေါင် ၁၂၅ သန်း သုံးစွဲထားသောကြောင့် အခြား ပြိုင်ဘက် ၁၉ သင်း၏ စုစုပေါင်းသုံးစွဲငွေထက်ပင် သာလွန်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် အခြားထိပ်သီးအသင်းများကလည်း ကစားသမားသစ် ခေါ်ယူအားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေသည့်အတွက် ပရီးမီးယားလိဂ်၏ ငွေကြေးသုံးစွဲမှုများကို ထပ်မံမြင်တွေ့ရဖွယ်ရှိကြောင်း BBC က ခန့်မှန်းထားခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်၏ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကို ဇန်နဝါရီ ၃၁ ရက်တွင် ပိတ်သိမ်းမည်မဟုတ်ဘဲ ဖေဖော်ဝါရီ ၃ ရက် တနင်္လာနေ့မှ ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်မှ ကစားသမားသစ်ခေါ်ယူမှုများတွင် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းအထက်ရှိမှုမှာ ကိုးခုသာ ရှိခဲ့ပြီး ယင်းထဲတွင် မန်စီးတီးအသင်းက သုံးကြိမ် ပါဝင်နေခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group