
လက်ဝှေ့လောကမှ သုံးနှစ်ကြာ အနားယူထားသည့် ဗြိတိန်နာမည်ကျော်လက်ဝှေ့သမား အာမီယာခန်းသည် YouTuber ဖြစ်သူ KSI နှင့်ထိုးသတ်ရန်အတွက် လက်ဝှေ့ ကြိုးဝိုင်းသို့ တစ်ကျော့ပြန်လာဖွယ်ရှိကြောင်း သိရသည်။
အာမီယာခန်း (၃၈ နှစ်) အနေဖြင့် သူ၏ လက်ဝှေ့သမားဘဝတွင် ကမ္ဘာ့ချန်ပီယံဘွဲ့ကို နှစ်ကြိမ် ရရှိခဲ့ကာ ပွဲမှတ်တမ်း၌ ၃၄ ပွဲနိုင်၊ ခြောက်ပွဲရှုံးခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့လောကကို ကျောခိုင်းသွားခဲ့ ခြင်းဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီ ၁၉ ရက်က တစ်နိုင်ငံတည်းသား ကယ်လ်ဘရွတ် နှင့် ထိုးသတ်ခဲ့သည့်ပွဲ၌ ခြောက်ချီတွင် ဒိုင်ပွဲ ရပ်ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲပြီးကတည်းက လက်ဝှေ့ပွဲများနှင့် ကင်းကွာခဲ့သည်။ KSI သည် လာမည့်မတ်လ ၂၉ ရက်တွင် အင်္ဂလန် နှင့် ချယ်လ်ဆီးဘောလုံးသမားဟောင်းဖြစ်သူ ၀ိန်းဘရစ်ချ်နှင့် ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း စကားစစ်ထိုးပွဲ၌ ၀ိန်းဘရစ်ချ်၏ချစ်သူ အသင်းဖော်ဂျွန်တယ်ရီနှင့် ဖောက်ပြန်ခဲ့မှုကို ပြန်လည်ဖော်ထုတ်သည့် အတွက် ပွဲပျက်ပြယ်ခဲ့ရသည်။
ထို့ကြောင့် KSI အနေဖြင့် ယင်းပွဲအတွက် အစားထိုးမည့် ပြိုင်ဘက်တစ်ဦးကို အပူတပြင်း လိုက်လံရှာဖွေနေခြင်းဖြစ်သည်။ "ဒီအရာကို ကျွန်တော် နားမလည်ပါဘူး။ သူတို့က ကျွန်တော့်နာမည်ကို ပြောနေတယ်။ ဒါပေမဲ့ ဘာကမ်းလှမ်းမှုမှ မရှိသေးပါဘူး။ ကျွန်တော် ဆိုလိုတာကို သိမှာပါ။ ကမ်းလှမ်းမှု မရှိသလို၊ ဒါမှမဟုတ် ဆွေးနွေးမှုမရှိဘဲနဲ့ ကျွန်တော်တို့ ဘယ်လို စကားပြောရမလဲ"ဟု အာမီယာခန်းက ဗြိတိန်သတင်းစာ The Sun နှင့် တွေ့ဆုံမှုတွင် ဖွင့်ဟခဲ့သည်။