
Opta က ဟာလန်းသာ လက်ရှိဂိုးသွင်းနှုန်းကို ထိန်းသိမ်းထားနိုင်ရင် ပရီးမီးယားလိဂ် ၂၈၇ ပွဲမြောက်မှာ အလန်ရှီးယားရဲ့စံချိန်ကို လိုက်မီမယ်လို့ ဟောကိန်းထုတ်ထားတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲ ၂၀၀ ဆက်တိုက် ကစားနိုင်မယ်ဆိုရင် ဟာလန်းက အလန်ရှီးယားရဲ့စံချိန်ကို ၂၀၂၉-၃၀ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ မှာ ကျော်ဖြတ်ပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးကိုရောက်လာတဲ့ ဟာလန်း က မန်စီးတီးအသင်းရဲ့ပွဲစဉ်အားလုံးရဲ့၈၃ ရာခိုင် နှုန်းအထိ ဝင်ကစားခဲ့ပါတယ်။ ပွဲထွက်ကစားသမား အဖြစ် ၈၀ ရာခိုင်နှုန်း အသုံးတော်ခံထားပါတယ်။ ဟာလန်းက အလန်ရှီးယားရဲ့စံချိန်ကို ၂၀၂၉-၃၀ ရာသီမှာ ကျော်ဖြတ်ပြီးရင် မန်စီးတီးနဲ့စာချုပ်သက်တမ်း လေးနှစ်ကျန်နေသေးလို့ ဘယ်သူမှလိုက်မမီနိုင်မယ့်စံချိန် ပိုင်ဆိုင်ဖွယ်ရှိနေတာပါ။ ဟာလန်းက သီအိုရီအရ အလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်ဖွယ်ရှိသလို၊ ဂွါဒီယိုလာကလည်း ယုံကြည်နေပါတယ်။ "လက်ရှိကိန်းဂဏန်းတွေအတိုင်းဆိုရင် ဟာလန်းကအလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်မယ်"လို့ ဂွါဒီယိုလာခပ်ရဲရဲပြောခဲ့တယ်။
"အားလုံးကို ဆောရီးပါလို့ပြောချင်တယ်၊ ကျွန်တော်မန်စီးတီးမှာ ဆက်နေပါမယ်" ဟာလန်း ကို စာချုပ်သက်တမ်းတိုးပြီးနောက် မန်စီးတီးရဲ့ လူမှုကွန်ရက်ဗီဒီယိုထဲ မြင်တွေ့ကြားသိရတဲ့ ဟာလန်းရဲ့မက်ဆေ့ချ်ပါ။ မန်စီးတီးနဲ့ဟာလန်းစာချုပ် သက်တမ်းတိုးလိုက်တာ တစ်နှစ်မဟုတ်ဘူး၊ နှစ်နှစ်မဟုတ်ဘူး၊ ဦးကျော်ဟိန်းပြောသလို ဆယ်နှစ်၊ ဆယ်နှစ်ပါ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဲဒီလို စာချုပ်မျိုး တစ်ခါမှမရှိဖူးဘူး။ အံ့ချီးဖွယ်ရာပါပဲ။ ဟာလန်းရဲ့စံချိန်တင်စာချုပ်သစ်ကြောင့် ပရီးမီးယားလိဂ် နောက်ခံလူတွေ အိပ်ရေးပျက်နေပြီ။ နောက်ထပ် အိပ်ရေးပျက်မယ့်သူက အလန်ရှီးယားပါပဲ။ သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို လာမယ့်ဆယ်နှစ်အတွင်း ဟာလန်း ကျော်ဖြတ်သွားနိုင်တယ်မဟုတ်လား။
ပရီးမီးယားလိဂ်မှာ စံချိန်တင် ဂိုး ၂၆၀ သွင်းထားတဲ့ အလန်ရှီးယားရဲ့တစ်ပွဲပျမ်းမျှသွင်းဂိုးက (၀ ဒဿမ ၅၉)ဂိုးရှိပြီး ပရီးမီးယားလိဂ်မှာ ၈၁ ဂိုး သွင်းထားတဲ့ ဟာလန်းရဲ့တစ်ပွဲပျမ်းမျှသွင်းဂိုးက (၀ ဒဿမ ၉၁)ဂိုးရှိနေပါတယ်။ အလန်ရှီးယားက တရားရတဲ့လေသံနဲ့ အခုလိုပြောပါတယ်။ "အဲဒီလောက်အချိန်အကြာကြီး မန်စီးတီးမှာဆက်နေမယ်ဆိုရင် ဟာလန်းက ကျွန်တော့်ရဲ့စံချိန်ကိုကျော်ဖြတ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့စံချိန်ကတစ်နေ့မှာ တစ်ယောက်ယောက်က ကျော်ဖြတ်မှာပါ။ ဟာရီကိန်းလား၊ ဆာလာလားဆိုပြီး တွေးခဲ့ဖူးတယ်။ ကျွန်တော် မမွေးခင်ကလည်း သွင်းဂိုးစံချိန်တွေနဲ့ဂိုးသွင်းကောင်းသူတွေရှိခဲ့ပါတယ်"ဆိုတာပါပဲ။
Opta က ဟာလန်းသာ လက်ရှိဂိုးသွင်းနှုန်းကို ထိန်းသိမ်းထားနိုင်ရင် ပရီးမီးယားလိဂ် ၂၈၇ ပွဲမြောက်မှာ အလန်ရှီးယားရဲ့စံချိန်ကို လိုက်မီမယ်လို့ ဟောကိန်းထုတ်ထားတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲ ၂၀၀ ဆက်တိုက် ကစားနိုင်မယ်ဆိုရင် ဟာလန်းက အလန်ရှီးယားရဲ့စံချိန်ကို ၂၀၂၉-၃၀ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ မှာ ကျော်ဖြတ်ပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးကိုရောက်လာတဲ့ ဟာလန်း က မန်စီးတီးအသင်းရဲ့ပွဲစဉ်အားလုံးရဲ့၈၃ ရာခိုင် နှုန်းအထိ ဝင်ကစားခဲ့ပါတယ်။ ပွဲထွက်ကစားသမား အဖြစ် ၈၀ ရာခိုင်နှုန်း အသုံးတော်ခံထားပါတယ်။ ဟာလန်းက အလန်ရှီးယားရဲ့စံချိန်ကို ၂၀၂၉-၃၀ ရာသီမှာ ကျော်ဖြတ်ပြီးရင် မန်စီးတီးနဲ့စာချုပ်သက်တမ်း လေးနှစ်ကျန်နေသေးလို့ ဘယ်သူမှလိုက်မမီနိုင်မယ့်စံချိန် ပိုင်ဆိုင်ဖွယ်ရှိနေတာပါ။ ဟာလန်းက သီအိုရီအရ အလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်ဖွယ်ရှိသလို၊ ဂွါဒီယိုလာကလည်း ယုံကြည်နေပါတယ်။ "လက်ရှိကိန်းဂဏန်းတွေအတိုင်းဆိုရင် ဟာလန်းကအလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်မယ်"လို့ ဂွါဒီယိုလာခပ်ရဲရဲပြောခဲ့တယ်။
အလန်ရှီးယားရဲ့စံချိန်ကို အနီးစပ်ဆုံး လိုက်နိုင်သူက ဟာရီကိန်းပါ။ ဟာရီကိန်းက ၂၁၃ ဂိုးအထိသွင်းပြီးမှ ပရီးမီးယားလိဂ်ရပ်ဝန်းကို စွန့်ခွာခဲ့တယ်။ အခုဟာလန်းထက် မျှော်လင့်ချက်ပိုပြီး နီးစပ်နေတာ ဆာလာပါ။ ဆာလာက အလန်ရှီးယားရဲ့စံချိန်နဲ့ ၈၅ ဂိုးသာဝေးကွာနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့လီဗာပူးလ်ကစားသမားဘဝ အနာဂတ်က မရေရာသေးလို့ သိပ်ပြီးမျှော်လင့်လို့မရဘူး။ ဟာလန်းကမန်စီးတီးကစားသမားဘဝ ပထမဆုံးရာသီမှာ ၇၉ မိနစ်တစ်ဂိုးနှုန်း၊ ဒုတိယရာသီမှာ ၉၈ မိနစ် တစ်ဂိုးနှုန်း၊ လက်ရှိရာသီမှာ ၁၁၈ မိနစ်တစ်ဂိုးနှုန်း သွင်းယူထားတယ်။ သူက လျင်မြန်ပြီးသန်မာတယ်၊ လေထဲဘောလုံးအသုံးချနိုင်စွမ်းကောင်းတယ်၊ အဆုံးသတ်စွမ်းရည်ထက်မြက်တယ်။ အဲဒီလိုစွမ်းရည် ပိုင်ရှင်မျိုးကို ဖန်တီးမှုအားကောင်းတဲ့ အစုအဖွဲ့နဲ့ဝန်းရံလိုက်တဲ့အခါ တားဆီးရခက်သွားတယ်။ ဟာလန်းက Dream Team မျှော်လင့်ချက်မီးတောင်ပါ။
ဟာလန်းက အလန်ရှီးယားရဲ့ သွင်းဂိုးစံချိန်အပြင် အဂွဲရိုးရဲ့မန်စီးတီးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ကိုလည်း ကျော်ဖြတ်ချင်နေလိမ့်မယ်။ လက်ရှိဟာလန်းရဲ့သွင်းဂိုးနှုန်းအတိုင်းဆိုရင် အဂွဲရိုးရဲ့သွင်းဂိုး ၂၆၀ စံချိန်ကို မန်စီးတီးကစားသမားဘဝ ခြောက်ရာသီမြောက်မှာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ပရီးမီးယားလိဂ်မတိုင်ခင် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့ သွင်းဂိုးစံချိန်ရှင် ဂျင်မီဂရေ့ဗ်စ်ရဲ့ ၃၅၇ ဂိုးအပါအဝင် ၁၉၂၇-၂၈ ရာသီက ဒိုင်ဇီဒင်းန်း ရဲ့တစ်ရာသီအတွင်း သွင်းဂိုး ၆၀ စံချိန်၊ စီရော်နယ်လ်ဒိုရဲ့ချန်ပီယံလိဂ် သွင်းဂိုး ၁၄၀ စံချိန်တွေကိုလည်း ဟာလန်း ကျော်ဖြတ်ချင်နေပါလိမ့်မယ်။ ဟာလန်းပိုင်ဆိုင်ထားတဲ့ စံချိန်တွေကို ပြန်ကြည့်တဲ့အခါ ၂၀၂၂ -၂၃ ရာသီမှာ ၃၆ ဂိုးသွင်းပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်၊ ပရီးမီးယားလိဂ်မှာ ၇၅ ဂိုးအမြန်ဆုံးပြည့်တဲ့စံချိန်၊ ပရီးမီးယားလိဂ်ရာသီအစငါးပွဲမှာ ဆယ်ဂိုးသွင်းတဲ့ စံချိန်၊ ချန်ပီယံလိဂ်ဂိုးလေးဆယ် အမြန်ဆုံးပြည့်တဲ့ စံချိန်၊ နော်ဝေအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်တွေတည်ရှိနေတယ်။ အလန်ရှီးယားက သူ့စံချိန်လေးအတွက် နှမြောနေပေမယ့် ဟာလန်းလို အရည်အသွေးမြင့်ထုတ်ကုန်တစ်ခု ပရီးမီးယားလိဂ်မှာ နောက်ထပ်ဆယ်နှစ်ကြာဆက်ရှိမယ့်အတွက် ကြည်နူးနေတယ်။